မယ်ဆိုင်ချောင်း ရေတက်၊ တာချီလိတ် တာလော့ဈေးအတွင်း ရေဝင်ရောက် ဧရာဝတီ၊… — The Irrawaddy - Burmese — TG.ME

မယ်ဆိုင်ချောင်း ရေတက်၊ တာချီလိတ် တာလော့ဈေးအတွင်း ရေဝင်ရောက်

ဧရာဝတီ၊ စက်တင်ဘာ ၇၊ ၂၀၂၆

ထိုင်း-မြန်မာ နယ်စပ်ဖြတ်ကျော်စီးဆင်းသည့် မယ်ဆိုင်ချောင်းရေသည် ယနေ့နံနက်မှစတင်၍ မြင့်တက်လာမှုကြောင့် မြန်မာဘက်ခြမ်း ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ ရေတားနံရံတချို့ ပျက်စီးသွားပြီး တာချီလိတ်မြို့တာလော့ဈေးအတွင်း ရေများဝင်ရောက်လျက်ရှိသည်။

ယနေ့ မွန်းလွဲပိုင်းအထိ မယ်ဆိုင်ချောင်းရေများ တာချီလိတ် မကာအိုခမ်း၊ ဆန်ဆိုင်း၊ တာလောနှင့်ပုန်ထွန်ရပ်ကွက်များအတွင်း အလုံးအရင်းနှင့်ဝင်ရောက်နေပြီး ရေတားနံရံများလည်း မျောပါပျက်စီးမှုများဖြစ်ပေါ်နေကြောင်း ဒေသခံများထံက သိရသည်။

မယ်ဆိုင်ချောင်းတဖက်ကမ်း ထိုင်းဘက်တွင်လည်း ခရိုင်အုပ်ချုပ်ရေးမှူးများ ကြီးကြပ်၍ ရေတိုက်စားမှုကြောင့် ရေတားနံရံများ ပျက်စီးမှုမရှိစေရန် သဲအိမ်များဖြင့် ကာရံတားဆီးခြင်း၊ ချောင်းရေတိုးမှုအခြေအနေအား စောင့်ကြည့်မှုများ လုပ်ဆောင်လျက်ရှိသည်။

မြစ်ရေစီးဆင်းမှုလွယ်ကူစေရန်အတွက် ထိုင်း- မြန်မာ ချစ်ကြည်ရေးတံတားအမှတ် (၁) အောက်တွင် ပိတ်ဆို့နေသည့် သစ်ကိုင်းများနှင့် အမှိုက်သရိုက်များကို ဖယ်ရှားရှင်းလင်းလျက်ရှိပြီး လက်ရှိ မြစ်ရေအဆင့်မှာ စတင်လျော့ကျလာပြီဖြစ်သော်လည်း အရေးပေါ် အခြေအနေအတွက် ၂၄ နာရီအသင့်အနေအထားဖြင့် စောင့်ကြည့်နေကြောင်း သိရသည်။

ဓာတ်ပုံ- North Now

#WhatsHappeningInMyanmar
#RejectMilitaryCoup
😱12❤4👍4
September 7, 2026 2.1K 3