ကွယ်လွန်သူ KIA စစ်ဦးစီးချုပ်ဟောင်း R ခေါင်လွန်းအား ပြည်သူ့တော်လှန်ရေး ဂုဏ်ဆောင်ဘွဲ့ ချီးမြှင့်
ဧရာဝတီ၊ စက်တင်ဘာ ၇၊ ၂၀၂၆
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) အမှတ် (၁) စစ်ဒေသမှူးနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ရင်း ကွယ်လွန်ခဲ့သည့် ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွန်းအား ပြည်သူ့တော်လှန်ရေး ဂုဏ်ဆောင်ဘွဲ့ (HPR) ချီးမြှင့်လိုက်ကြောင်း NUG က ယနေ့တွင် ထုတ်ပြန်သည်။
ပြည်သူ့ကာကွယ်ရေး တပ်မတော်တည်ထောင်ခြင်း ၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် တော်လှန်ရေးကာလအတွင်း အသက်၊ ခန္ဓာနှင့် ကိုယ်ကျိုးစီးပွားများကို မငဲ့ကွက်ဘဲ စစ်ရေးတာဝန်များကို ရဲဝံ့စွာ စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့ကြသည့် သူရဲကောင်းများကို ချီးကျူးဂုဏ်ပြုသည့်အနေဖြင့် စစ်ဘက်ဆိုင်ရာ သူရဲကောင်း ဘွဲ့၊ ဆုနှင့် တံဆိပ်များကို NUG က ချီးမြှင့်ခြင်း ဖြစ်သည်။
ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွန်းသည် ၂၀၂၄ ခုနှစ်၊ မတ်လက စတင်ခဲ့သည့် KIA ထိုးစစ်ကြီးနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့ ပါဝင်သည့် အမှတ် (၁) စစ်ဒေသ စစ်ဆင်ရေးများကို ဦးဆောင် ကွပ်ကဲရင်း ၂၀၂၄ ခုနှစ်၊ မေလ ၁၃ ရက်တွင် လိုင်ဇာမြို့၌ ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။
၁၉၈၈ ခုနှစ်မှစ၍ KIA တပ်ဖွဲ့ဝင်အဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့သည့် ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွန်းသည် ၂၀၁၆ ခုနှစ်တွင် KIA ဒုတိယစစ်ဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် KIA စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ဂမ်ရှောင်၏ နေရာ၌ အစားထိုး ခန့်အပ်ခံခဲ့ရသူ ဖြစ်သည်။
ပြည်သူ့တော်လှန်ရေး ဂုဏ်ဆောင်ဘွဲ့ (Honor of People's Revolution - HPR) ကို ကွယ်လွန်သူ ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွန်းအား ချီးမြှင့်ခဲ့ပြီး၊ ပြည်သူ့တော်လှန်ရေး သူရဲကောင်းဘွဲ့ (Legend of People's Revolution - LPR) ရရှိသူ ၂၁ ဦး၊ ပြည်သူ့ဇာနည်ဆု (People’s Medal for Noble Service - PMNS) ရရှိသူ ၁,၆၄၇ ဦး၊ ပြည်သူ့သားကောင်းဆု (People’s Medal for Loyal Service - PMLS) ရရှိသူ ၈၁ ဦးနှင့် တော်လှန်ရေး အမှုထမ်းကောင်းတံဆိပ် (Badge of Revolutionary Service - BRS) ရရှိသူ ၄၂ ဦး ရှိခဲ့ကြောင်းလည်း NUG က ကြေညာ သည်။
စစ်ဘက်ဆိုင်ရာ ဘွဲ့၊ ဆု ချီးမြှင့်ခံရသူများထဲတွင် PDF တပ်ဖွဲ့ဝင် ၁,၄၄၂ ဦး၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDO) မှ ၃၂၄ ဦး၊ မဟာမိတ်တော်လှန်ရေး အဖွဲ့အစည်းများမှ၂၆ ဦး ပါဝင်ပြီး၊ စစ်ဒေသ၊ တပ်မ၊ တပ်ရင်း၊ တပ်ဖွဲ့အလိုက် ချီးမြှင့်မှုအနေဖြင့် ၄၅ ဖွဲ့ ပါဝင်ကြောင်းလည်း NUG က ဆိုသည်။
NUG အနေဖြင့် သူရဲကောင်း ဘွဲ့၊ ဆုနှင့်တံဆိပ် ချီးမြှင့်ခြင်း အစီအစဉ်ကို နှစ်စဉ်ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း အသိပေး ထုတ်ပြန်ထားသည်။
တော်လှန်ရေးကာလတလျောက် ကျရာကဏ္ဍ အသီးသီးတွင် အသက်၊ သွေး၊ ချွေးများပေးဆပ်ကာ ရွတ်ရွတ်ချွံချွံ ခုခံတွန်းလှန်စစ်၌ ယနေ့အထိ ပါဝင်ဆင်နွှဲနေသည့် ရဲဘော်အားလုံးနှင့် တော်လှန်ပြည်သူတရပ်လုံးအား အထူးပင် ဂုဏ်ယူလေးစားကြောင်းနှင့် ဆုတံဆိပ်များထက် ပြည်သူ့လွတ်မြောက်ရေး ရှေးရှုကာ တိုက်ပွဲဝင်နေကြသော ရဲဘော်တဦးချင်းစီ၏ ပေးဆပ်မှုများအတွက် ကျေးဇူးတင်ဂုဏ်ယူကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောဆိုသည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup
33
9
9September 7, 2026 2.5K 2