ကျောက်ပန်းတောင်း ကမ္ဘားတဲရွာရှိ NUG ဆေးရုံ စစ်တပ် ဖျက်ဆီး
ဧရာဝတီ၊ စက်တင်ဘာ ၆၊ ၂၀၂၆
မန္တလေးတိုင်း၊ မလှိုင်မြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ် အကြားသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်တပ်သည် ကျောက်ပန်းတောင်း မြို့နယ်အပိုင် ကမ္ဘားတဲကျေးရွာရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဆေးရုံကို သိမ်းဆည်း ဖျက်ဆီးသွားကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပားအခြေစိုက် တပ်မ ၈၈ လက်အောက်ခံ ခလရ ၇၈ မှ စစ်သည်များနှင့် ကျောက်ပန်းတောင်း၊ ပွေးကျစ်တိုက်နယ်ရဲစခန်းအထိုင်မှ စစ်တပ်၊ ရဲ၊ ပျူစောထီး ပူးပေါင်းအင်အား ၃၀၀ ကျော်ဖြင့် စက်တင်ဘာ၂ ရက်ကစ၍ ပုပ္ပားတောင်မကြီး မြောက်ဘက်ခြမ်းမှတဆင့် စစ်ကြောင်းထိုးခဲ့ကြောင်း၊ ထို့အတူ မိတ္ထီလာတပ်နယ်မှ အင်အား ၂၀၀ ကျော်ပါ စစ်ကြောင်းသည်လည်း မလှိုင်မြို့နယ် တောင်ဘက်ခြမ်းမှ စတင် ဝင်ရောက်ကာ နှစ်ဖက်ညှပ်၍ စစ်ကြောင်းထိုးနေကြောင်း သိရသည်။
“အဲဒီရွာမှာ ဆေးခန်းတော့ ရှိတယ်။ စစ်ကြောင်းတွေ မဝင်ခင်ကတည်းက အဲဒီရွာဘက်ကို လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ ပစ်ခတ်ပြီးတော့မှ မနေ့က ညနေပိုင်းမှာ ဝင်နိုင်ခဲ့တာ။ ရွာခံတွေနဲ့ ဆေးကုနေသူ အချို့ကတော့ အကုန်လုံးနီးပါး ဘေးလွတ်ရာ ရှောင်နိုင်လိုက်ကြတယ်လို့တော့ သိရတယ်” ဟု မလှိုင်မြို့နယ်မှ စစ်ရေးသတင်းရင်းမြစ်တဦးက ပြောဆိုသည်။
စစ်တပ်သည် ကျောက်ပန်းတောင်းနှင့် မလှိုင်မြို့နယ်များအတွင်းရှိ ကျေးရွာများသို့ ဝင်ရောက်၍ မီးရှို့နေပြီး ဒရုန်း၊ ရဟတ်ယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် ပုပ္ပားတောင်ခြေရှိ ကျေးရွာများနှင့် ကမ္ဘားတဲ (တောင်/မြောက်)၊ ချိုင်း၊ လေး ပင်၊ ရွာသစ်၊ ဆည်တိုက သစ်ကုန်း (ဈေးကုန်း)၊ ဒဟတ်တန်း (တောင်)၊ ယာကြီးကုန်း၊ သြဇာခြံ၊ ငါးရံ့ကုန်း၊ လယ်ကြီး၊ စိတ္တိန်း၊ ဆုံကုန်း၊ ဆင်ဇင်း၊ ဆည်ကွဲ၊ ဂွေးညိုဝင်း၊ ဆင်ကျုံးနှင့် တောင်ပေါ်ရွာများ အပါအဝင် ရွာ၂၅ ရွာကျော်မှ ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
ယနေ့တွင် မလှိုင်နယ်သို့ ဝင်ရောက်နေသော စစ်ကြောင်းသည် ဂွေးညိုဝင်းရွာ၌ အင်အား ၁၀၀ ခန့် ချန်ထားခဲ့ပြီး တပ်စွဲထားသလို၊ စစ်သည် ၁၀၀ ခန့်မှာ ဆင်ကျုံးကျေးရွာမှတဆင့် ကျောက်ပန်းတောင်းနယ် ကမ္ဘားတဲရွာသို့ ပူးပေါင်းသွားပြီး လက်ရှိအချိန်ထိ ကမ္ဘားတဲကျေးရွာ၌ ရှိနေဆဲဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ- MNP
#WhatsHappeningInMyanmar
#RejectMilitaryCoup
32
8
2
1
1September 7, 2026 2.4K 4