"The Monk" ရုပ်ရှင် ဇာတ်ညွှန်းရေးသားသူ ဒေါက်တာ အောင်မင်း ကွယ်လွန်
ဧရာဝတီ၊ စက်တင်ဘာ ၇၊ ၂၀၂၆
နိုင်ငံတကာ ရုပ်ရှင်ပွဲတော်များတွင် ပြသခွင့်ရရှိခဲ့ပြီး ဆုအချို့ရရှိခဲ့သည့် “The Monk” (၂၀၁၄) ရုပ်ရှင်၏ ဇာတ်ညွှန်းရေးဆရာ၊ စာရေးဆရာ ဒေါက်တာ အောင်မင်း (အသက် ၆၂ နှစ်) သည် ယမန်နေ့ညက ရန်ကုန်မြို့၌ ကွယ်လွန်သွားကြောင်း မိသားစုနှင့်နီးစပ်သူများထံမှ သိရသည်။
ဒေါက်တာ အောင်မင်းသည် ၁၉၉၀ ပြည့်နှစ်တွင် ရန်ကုန် ဆေးတက္ကသိုလ် (၁) မှ MBBS ဘွဲ့ ရရှိခဲ့ပြီး၂၀၀၀ ပြည့်နှစ်အထိ ဆရာဝန်အဖြစ် လုပ်ကိုင်ခဲ့သလို၊ လစဉ်ထုတ်မဂ္ဂဇင်းများတွင် ဝတ္ထုတိုများ ရေးသားခဲ့သည့် စာရေးဆရာတဦးလည်း ဖြစ်သည်။
“The Monk” ရုပ်ရှင်သည် ရွာတရွာ၏ ဘုန်းကြီးကျောင်း၌ ကိုရင်လေးတပါး သာသနာ့ဘောင် ဝင်ရောက်ခဲ့ပုံ၊ ယင်း ကျောင်းတိုက်တွင် ငွေကြေး အကျပ်အတည်း ကြုံတွေ့ရမှုကြောင့် အခြား သံဃာများ ထွက်ခွာသွားပုံ၊ ကျောင်းထိုင်ဆရာတော်၏ ကျန်းမာရေးချို့တဲ့မှုကြောင့် ကိုရင်လေးတပါးသာ ကျန်ရှိတော့သည့်အချိန် ဆရာတော်ကိုပြုစုစောင့်ရှောက်ရမည့် ဝတ္တရားများနှင့် စိန်ခေါ်မှုများကို ကိုရင်လေးတပါးတည်း ရင်ဆိုင်ခဲ့ရပုံတို့အား ရိုက်ကူး ပုံဖော်ထားခြင်း ဖြစ်သည်။
အဆိုပါ ရုပ်ရှင်သည်၂၀၁၄ ခုနှစ်တွင် ဥရောပရှိ ထိပ်တန်း ရုပ်ရှင်ပွဲတော်တွင် အဖွင့်ဇာတ်ကားအဖြစ် ပြသခွင့်ရရှိခဲ့ရုံမျှမက နိုင်ငံတကာသို့ လှည့်လည်ပြသခွင့် ရရှိခဲ့သလို ဆုအချို့ ရရှိခြင်းနှင့် ဆန်ကာတင်စာရင်းဝင်ခဲ့သည့် ရုပ်ရှင်ကားလည်း ဖြစ်သည်။
ဒေါက်တာ အောင်မင်းအနေဖြင့် ၁၉၉၉ ခုနှစ်တွင် သူ၏ ပထမဆုံးဝတ္ထု “ညဆို” ကို ထုတ်ဝေခဲ့ပြီး၊ ၂၀၀၄ ခုနှစ်တွင် “ကျွန်တော် ဒီမြို့ကလေးဆီကို တာဝန်တခုနဲ့ ရောက်လာတာပါ” အခန်းဆက် ဝတ္ထုရှည်၊ ၂၀၁၀ တွင် “မြန်မာခေတ်ပြိုင် အနုပညာ ၁” စာအုပ်ကိုလည်း ထုတ်ဝေခဲ့သည်။
ရုပ်ရှင် ဇာတ်ညွှန်းရေးသားခြင်းကို ၂၀၀၇ ခုနှစ်တွင် စတင် သင်ယူခဲ့ပြီး Yangon Film School (YFS) တွင် သင်တန်းတက်ရောက်ခဲ့သလို၊ FAMU (Academy of Performing Arts in Prague) မှ ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲများသို့လည်း တက်ရောက် သင်ယူခဲ့သည်။
သူ၏ ပထမဆုံး မှတ်တမ်းရုပ်ရှင်မှာ “The Clinic” ဖြစ်ပြီး ရန်ကုန် အစွန်အဖျားတွင် အလုပ်လုပ်နေသည့် ဆရာဝန်ဘဝကို အခြေခံ ရိုက်ကူးထားခြင်းဖြစ်ကာ ၂၀၁၀ ပြည့်နှစ်တွင် ထွက်ရှိခဲ့သည်။
ဒေါက်တာ အောင်မင်းသည် ၂၀၁၄ ခုနှစ်တွင် စိတ်ကျန်းမာရေး ချို့ယွင်းသူများအတွက် ၎င်း၏ ဆေးခန်းကို အနုပညာ ကုထုံးပေးဆေးခန်းအဖြစ် ပြောင်းလဲခဲ့ပြီး Aung Mental Health Initiative (Aung MHI) ကို ဒေါက်တာ စန်းစန်းဦးနှင့် ပူးတွဲ တည်ထောင်ခဲ့ကာ ပန်းချီကုထုံးအပြင် အခြား လှုပ်ရှားမှုများအတွက် နေရာတခုအဖြစ် ဖန်တီးခဲ့သည်။
ထို့ပြင် ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ စီမံခန့်ခွဲရေး အဖွဲ့ဝင်အဖြစ်လည်း လုပ်ကိုင်ခဲ့ကာ အလုပ်ရုံဆွေးနွေးပွဲများသို့ တက်ရောက် ဆွေးနွေးခဲ့သည့်အပြင်၊ ၂၀၁၅ ခုနှစ်တွင် TENMEN ရုပ်ရှင်အုပ်စုကို စတင်ဖွဲ့စည်းခဲ့ပြီး Hteedan Road, Khayar, Mawtin Jetty, Mrauk Oo Story, Fisherman Story နှင့် Heartbroken Bird ရုပ်ရှင်ဇာတ်လမ်းတို များစွာ ရိုက်ကူးထုတ်လုပ်၍ ၂၀၁၈ ခုနှစ်တွင် “Man with the Beard” ရုပ်ရှင်ဇာတ်ကားရှည်ကို ရိုက်ကူး ပြီးစီးခဲ့သည်။
မကွယ်လွန်မီ အချိန်အထိ “Yangon Midnight” နှင့် “Heartbroken Bird” ဇာတ်ကားရှည်များကို ရေးသားလျက် ရှိခဲ့သည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup
25
23September 7, 2026 2.9K 3