အမေရိကန်ရေတပ် ကမ်းမကပ်မီ ပတ္တယား၌ လမ်းဘေးပြည့်တန်ဆာများ နှိမ်နင်း… — The Irrawaddy - Burmese — TG.ME

အမေရိကန်ရေတပ် ကမ်းမကပ်မီ ပတ္တယား၌ လမ်းဘေးပြည့်တန်ဆာများ နှိမ်နင်း

ဧရာဝတီ၊ ဩဂုတ် ၃၀၊ ၂၀၂၆

အမေရိကန်ရေတပ်၏ USS Abraham Lincoln လေယာဉ်တင်သင်္ဘောအုပ်စု ထိုင်းနိုင်ငံသို့ ကမ်းမကပ်မီ ပတ္တယား၌ လမ်းဘေးပြည့်တန်ဆာများကို ထိုင်းအာဏာပိုင်အဖွဲ့ ဖမ်းဆီးနှိမ်နင်းမှုများပြုလုပ်နေကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။

ဩဂုတ်၂၉ ရက်တွင် ရဲတပ်ဖွဲ့ဝင်များနှင့် လူမှုဝန်ထမ်း၂၀၀ ကျော်သည် ပတ္တယားကမ်းခြေ လမ်းမများနှင့် လူစည်ကားရာနေရာများအတွင်း ဝင်ရောက်စစ်ဆေးပြီး ခရီးသွားများအား ပြည့်တန်ဆာလုပ်ငန်းအတွက် လိုက်လံ စည်းရုံးနေသည့်စွပ်စွဲချက်ဖြင့် ၂၅ ဦးကို ဖမ်းဆီးခဲ့ကြောင်းလည်း Khaosod သတင်းက ဖော်ပြထားသည်။

ဖမ်းဆီးခံရသူများတွင် ထိုင်းနိုင်ငံသား ၁၈ ဦး၊ လာအိုနိုင်ငံသား ၅ ဦးနှင့် ယူဂန်ဒါနိုင်ငံသား၂ ဦး ပါဝင်ပြီး အာဏာပိုင်များက အဆိုပါစစ်ဆင်ရေးသည် အများပြည်သူ တည်ငြိမ်းအေးချမ်းရေးနှင့် နိုင်ငံတကာခရီးသွားနေရာတခုအဖြစ် ပတ္တယား၏ပုံရိပ်ကို ကာကွယ်ရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့ကာ ပြည့်တန်ဆာလုပ်ငန်းသည် ထိုင်းဥပဒေအရ တရားမဝင်ကြောင်း အလေးပေး ပြောဆိုခဲ့သည်။

စက်တင်ဘာ၂ ရက်မှ ၆ ရက်အထိ အမေရိကန်စစ်သား ၅,၀၀၀ ခန့် ပတ္တယားသို့ လာရောက်လည်ပတ်ရန်ရှိနေခြင်းကြောင့် လမ်းဘေးပြည့်တန်ဆာလုပ်ငန်းများအား ဝင်ရောက်ဖမ်းဆီး ရှင်းလင်းမှုများ ပြုလုပ်နေခြင်းဖြစ်ပြီး ဦးစားပေးအဖြစ် ပတ္တယားကမ်းခြေလမ်းမကြီး၊ ဒုတိယလမ်းမကြီး (Second Road) နှင့် ကမ္ဘာလှည့်ခရီးသည်များ စည်ကားရာ အခြားသော အများပြည်သူဆိုင်ရာ နေရာများကို ပိတ်ဆို့စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ပုံစာ- ပတ္တယား၏ လူစည်ကားရာနေရာတခု
😁54❤7🤔1
August 30, 2026 4.5K 5