ကျိုက်မရောတွင် လူ ၃၀၀၀၀ ကျော် ရေဘေးသင့် ဧရာဝတီ၊ စက်တင်ဘာ ၁၊ ၂၀၂၆… — The Irrawaddy - Burmese — TG.ME

ကျိုက်မရောတွင် လူ ၃၀၀၀၀ ကျော် ရေဘေးသင့်

ဧရာဝတီ၊ စက်တင်ဘာ ၁၊ ၂၀၂၆

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ဩဂုတ်တတိယအပတ်မှစ၍ မြေနိမ့်ပိုင်းရပ်ကွက်များ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကာ နေအိမ် ၇၀၀၀ ဝန်းကျင် ရေနစ်မြုပ်လျက်ရှိသလို လူဦးရေ ၃ သောင်းကျော် ရေဘေးသင့်နေကြောင်း ဒေသခံများထံက သိရသည်။

ကျိုက်မရောဒေသခံတဦးက “ရေက တဖြည်းဖြည်း စတက်လာတာကနေ ဒီလကုန်ခါနီးမှာ အခြေအနေဆိုးလာတယ်။ ကျိုက်မရောမြို့ပေါ် ရပ်ကွက်တွေ၊ ဂျိုင်းမြစ်ကမ်းဘေးကရွာတွေ အခြေအနေ ဆိုးတယ်။ ရွာတွေဘက်မှာ တဝက်နီးပါးတို့၊ အကုန်လုံးမြုပ်သွားတဲ့ အခြေအနေရှိတယ်။ မိုး ဆက်တိုက်ရွာလို့ တောင်ကျရေဆင်းတာ စိုးရိမ်ရေအမှတ် ကျော်သွားတာပေါ့” ဟု ဧရာဝတီကို ပြောသည်။

လက်ရှိ ရေထပ်တိုးလာခြင်းကြောင့် ကော့ကရိတ်နှင့်ကျိုက်မရောအစပ်ရွာ၌လည်း ရေကြီးနေပြီး လူဦးရေ ၃ သောင်းကျော်၊ ကျေးရွာအုပ်စု ၁၅ အုပ်စု၊ နေအိမ် ၇၀၀၀ ကျော် ရေဘေးသင့်ကာ စာသင်ကျောင်း ၂၇ ကျောင်း ပိတ်ထားရသည်ဟု အာဏာသိမ်းအစိုးရက ထုတ်ပြန်ထားသည်။

ဒေသခံတဦးက “အရမ်း အလှမ်းဝေးတဲ့နေရာဆို စစ်တပ်ဘက်က နယ်မြေ လုံခြုံရေးအရ မသွားကြဘူး။ သွားလို့ရတဲ့နေရာတွေကို လူမှုကူညီရေးတွေ သွားတာတော့ ရှိတယ်။ မြို့ပေါ်မှာတော့ ရေဘေးကယ်ဆယ်ရေးစခန်းတွေ ရှိတယ်။ ရွာတွေဘက်မှာတော့ ဘုန်းကြီးကျောင်းတွေမှာ နေကြတယ်။ တချို့ခက်ခဲတဲ့ ရွာတွေကျတော့ မပြောင်းကြဘူး” ဟု ပြောသည်။

ကျိုက်မရောနှင့် ကော့ကရိတ်အစပ် ဂျိုင်းမြစ်ကမ်းရှိ တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့်နေရာများ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ထားသော နေရာများ၌ ကူညီကယ်ဆယ်ရေးများ လိုအပ်နေကြောင်း သိရသည်။

သတင်း - မောင်လူအေး
ဓာတ်ပုံ- ဒေသခံ

#WhatsHappeningInMyanmar
#RejectMilitaryCoup
❤8😱2👎1
September 1, 2026 1.3K 5