ဒေါ်လာ ဘီလီယံ၃၀၀ တန်ကြေးရှိ ဓါတ်ငွေ့သိုက်ကြီးအတွက်… — Orio Economics — TG.ME

ဒေါ်လာ ဘီလီယံ၃၀၀ တန်ကြေးရှိ ဓါတ်ငွေ့သိုက်ကြီးအတွက် ကမ္ဘောဒီးယားနှင့်ပြန်လည်ဆွေးနွေးမည့် ထိုင်းအစိုးရ

အမေရိကန်ဒေါ်လာ ဘီလီယံ၃၀၀ ခန့်တန်ကြေးရှိပြီး နှစ်နိုင်ငံအကြား ၁၉၇၀ ခုနှစ်ကတည်းက အငြင်းပွါးနေခဲ့သည့် သဘာဝဓါတ်ငွေ့သိုက်ကြီးအတွက် ကမ္ဘောဒီးယားအစိုးရနှင့် ဆွေးနွေးမှုများ ပြန်လည်စတင်မည်ဟု ထိုင်းအစိုးရက ပြောကြားခဲ့သည်။

နိုင်ငံ၏ လျှပ်စစ်ဓါတ်အားသုံးစွဲမှု ကုန်ကျစရိတ်များနှင့် စွမ်းအင်လိုအပ်ချက်များကို ဖာထေးမိစေရန်အတွက် အဆိုပါ ဓါတ်ငွေ့သိုက်ကြီးကို နှစ်နိုင်ငံပူးပေါင်း၍ ထုတ်ယူသုံးစွဲရန်မှာ ၎င်းတို့ပါတီ၏ အဓိက ရည်မှန်းချက်ကြီး ၁၀ခုတွင် တခုအပါအဝင်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်သစ် ပေထုန်တန်က ထုတ်ဖော်ပြောကြားထားသည်။

အဆိုပါ ကမ်းလွန်ရေနံသိုက်ကြီးမှာ အကျယ်အဝန်းအားဖြင့် ၂၆၀၀၀ စတုရန်းကီလိုမီတာရှိပြီး သဘာဝဓါတ်ငွေ့ပမာဏပေါင်း ၁၀ထရီလျံ ကုဗပေ နှင့် ရေနံစိမ်းစည်ပေါင်း သန်း၃၀၀ ခန့် ကိန်းအောင်းနေမည်ဟု ခန့်မှန်းထားသည်။

နှစ်နိုင်ငံအကြား ဆွေးနွေးမှုများမှာ ၂၀၀၁ ထဲက ရပ်တန့်နေခြင်းဖြစ်ပြီး ယခုနှစ်အစပိုင်းတွင် ကနဦးဆွေးနွေးမှုများ ပြန်လည်ပြုလုပ်ခဲ့ခြင်းဖြစ်သော်လည်း ယခင်ရှိထားခဲ့သည့် နယ်နိမိတ်အငြင်းပွါးမှုပြသနာများနှင့် သံတမန်ပွတ်တိုက်မှုများကြောင့် သတိထားရမည်ဖြစ်သည်။

ဘလွန်းဘာ့သတင်းသို့ ဖြေကြားချက်အရ ကမ္ဘောဒီးယားအနေဖြင့်လည်း ထိုင်းအစိုးရသစ်ကသာ ဆွေးနွေးမှုအတွက် အသင့်ဖြစ်ပါက ၎င်းတို့ကလည်း ညှိုနှိုင်းရန် နှောင့်နှေးမည်မဟုတ်ဟု သိရသည်။

ထိုင်းနိုင်ငံသည် တနိုင်လုံးလျှပ်စစ်သုံးစွဲမှု၏ ၆၀ရာခိုင်နှုန်းကို သဘာဝဓါတ်ငွေ့မှ ရယူနေခြင်းဖြစ်ပြီး သုံးစွဲမှု၏ တဝက်ကျော်ကို ပြည်တွင်းဓါတ်ငွေ့လုပ်ကွက်များက ရရှိခြင်းဖြစ်ကာ လက်ရှိနှုန်းအတိုင်း ဆက်လက်သုံးစွဲပါက လာမည့် ၅နှစ်မှ ၁၀နှစ်အတွင်း လက်ရှိ ဓါတ်ငွေ့လုပ်ကွက်များမှာ ကုန်ခမ်းသွားမည့်အရေးနှင့် ရင်ဆိုင်နေရသည်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: Bangkok Post
Photo: Nikkei Asia

#ASEAN #SouthEastAsia #LNG #energy #Thailand #Cambodia #offshores #OrioEcon
👍8
October 15, 2024 607