အမေရိကန် အရှေ့ဘက်ကမ်းရိုးတန်းရှိ ဆိပ်ကမ်းအလုပ်သမားသောင်းချီ၍… — Orio Economics — TG.ME

အမေရိကန် အရှေ့ဘက်ကမ်းရိုးတန်းရှိ ဆိပ်ကမ်းအလုပ်သမားသောင်းချီ၍ သပိတ်မှောက်၊ ကုန်စည်စီးဆင်းမှုအားလုံး ရပ်ဆိုင်း

အဖွဲ့ဝင် ၅သောင်းခန့်ရှိ ဆိပ်ကမ်းအလုပ်သမားများနှင့် ဖွဲ့စည်းထားသော ILA (International Longshoremen’s Association) အဖွဲ့ကြီးသည် ပြီးခဲ့သည့် အင်္ဂါနေ့တွင် စတင်သပိတ်မှောက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဆိပ်ကမ်းများရှိ ပို့ကုန်၊ သွင်းကုန်များအားလုံး လက်ရှိတွင် ရပ်ဆိုင်းသွားကြောင်း သိရသည်။

နိုင်ငံခြားသားပိုင် သင်္ဘောကုမ္ပဏီများနှင့် ဆိပ်ကမ်း စီမံခန့်ခွဲမှု ကုမ္ပဏီများ စုပေါင်းဖွဲ့စည်းထားသည့် United States Maritime Alliance( USMX) နှင့် လက်ရှိ သပိတ်မှောက်နေသော အလုပ်သမား သမဂ္ဂတို့အကြား ရပိုင်ခွင့်ဆွေးနွေးမှုများ မအောင်မြင်ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ ကုန်စည်စီးဆင်းမှုများ ရပ်ဆိုင်းသွားသဖြင့် အမေရိကန်သို့ အဓိကသွင်းကုန်များဖြစ်သော သစ်သီးဝလံ၊ ဘီယာနှင့် အဖျော်ယမကာများ၊ အိမ်အသုံးအဆောင်ပစ္စည်းများ၊ မော်တော်ကားစက်ရုံများအတွက် အပိုပစ္စည်းများ အားလုံး ဆိပ်ကမ်းတွင် သောင်တင်နေပြီ ဖြစ်သည်။

အလားတူပင် အမေရိကန် ကုမ္ပဏီများ၏ ပြည်ပပို့ကုန်များလည်း ပိတ်မိနေပြီး များစွာ အထိနာဖွယ်ရှိသည်။

ယခုဖြစ်ရပ်အတွက် မိမိတို့ကို အပြစ်မတင်ဘဲ ကုမ္ပဏီကြီးများကိုသာ လက်ညှိုးထိုးသင့်ကြောင်း ILA သမဂ္ဂ၏ ခေါင်းဆောင်က စီအန်အန်သို့ ပြောကြားခဲ့ပြီး ကုမ္ပဏီများ ကိုယ်စားပြု USMX က ၎င်းတို့အနေဖြင့် လစာများကို ၅၀ရာခိုင်နှုန်းအထိတိုးပေးရန် ကမ်းလှမ်းခဲ့ပြီးဖြစ်သည့် အတွက် အကောင်းဆုံးညှိနှိုင်းပေးထားခြင်းဖြစ်သည်ဟု ယုံကြည်ကြောင်း ပြန်လည်ချေပခဲ့သည်။

အဖွဲ့အစည်းနှစ်ခုသည် ပြီးခဲ့သည့် ဇွန်လတွင် မျက်နှာချင်းဆိုင် တကြိမ်တွေ့ဆုံခဲ့ပြီးသော်လည်း နှစ်ဦးနှစ်ဘက် ဘုံသဘောတူညီမှု မရရှိခဲ့ဘဲ အပြန်အလှန် ပြောကြားချက်များဖြင့် ဆက်လက်တင်းမာနေကာ မကြာမီရောက်ရှိလာမည့် နှစ်သစ်ကူးပိတ်ရက်အတွင်း ကုန်စည်များ ပြတ်လပ်မည်ကို ပြည်သူအများက စိုးရိမ်လျက်ရှိကြသည်။

အမေရိကန်ကုန်သည်ကြီးများအသင်းက သမ္မတဘိုင်ဒန်ကို တာ့ဖ်ဟာ့လေ အတ်ဥပဒေအသုံးပြု၍ ဆိပ်ကမ်းများ ပြန်လည်လည်ပတ်စေရန် တိုက်တွန်းခဲ့သော်လည်း ဘိုင်ဒန်က ၎င်းတို့အနေဖြင့် သပိတ်မှောက်မှုကို စောင့်ကြည့်လျက်ရှိကြောင်းနှင့် လက်ရှိအခြေအနေသည် စုပေါင်းအဖြေရှာခြင်းဖြင့် ကျော်လွှားနိုင်မည်ဟု ယုံကြည်ပြီး ပြည်ထောင်စုအစိုးရအနေဖြင့် ဥပဒေသုံး ဝင်ရောက်စွက်ဖက်မည်မဟုတ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: CNN
Photo: The Straits Times

#USA #Port #logistics #terminals #cargos #LabourRight #LabourStrike
👍3
October 2, 2024 254