Bank of America ရှယ်ယာများကို Berkshire ဆက်လက်ထုတ်ရောင်း
အမေရိကန်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင် ဝါရင်းဘတ်ဖတ်၏ Berkshire Hathaway သည် ယခု စက်တင်ဘာ ၂၀ ရက်နှင့် ၂၄ ရက်အကြား Bank of America ၏ ရှယ်ယာ အစု ၂၁ သန်း ခန့်ကို ထုတ်ရောင်းခဲ့ပြီး တန်ဖိုးအားဖြင့် ဒေါ်လာ ၈၆၃ သန်းဖိုး ဝန်းကျင်အထိ ရှိခဲ့သည်။
Conglomerate အဆင့် ဘာ့ဂ်ရှိုင်းယားဟက်သာဝေး (Berkshire Hathaway) သည် ဇူလိုင်လမှစ၍ အမေရိကန်ဘဏ် Bank of America ၏ ရှယ်ယာများကို ဆက်တိုက်ထုတ်ရောင်းလာနေပြီး ဒေါ်လာ ၉ ဘီလျံ ခန့်အထိ ရှယ်ယာမှ ငွေအဖြစ်သို့ ပြောင်းလဲထားလျက်ရှိသည်။
သို့သော်လည်း Berkshire သည် လက်ရှိ Bank of America အကြီးဆုံး ရှယ်ယာရှင်အဖြစ် ဆက်လက်ရပ်တည်နေပြီး ရှယ်ယာစုစုပေါင်း၏ ၁၀.၅% ကို ပိုင်ဆိုင်ထားသည်။
၎င်း၏ ဝေစု ၁၀% အောက် ကျဆင်းခဲ့လျှင် ယခုကဲ့သို့ ရှယ်ယာများ အစုလိုက်ရောင်းထုတ်ခြင်းများအား ကြီးကြပ်ရေးအာဏာပိုင်များထံ ပုံမှန် report တင်စရာများ မလိုတော့ဟု သိရသည်။
Bank of America ၏ အမှုဆောင်ချုပ်ဖြစ်သူ ဘရိုင်ယန် မွိုင်နီဟန် (Brian Moynihan) က ဝါရင်းဘတ်ဖတ်သည် ဘဏ်အား တည်ငြိမ်မှုရှိစေသည့် Investor ဟု ယခုလအစောပိုင်းက ချီးမွမ်းထားသေးသည်။
သို့သော်လည်း လက်ရှိ ရှယ်ယာထုတ်ရောင်းနေမှုများအတွက် ဝါရင်း ဘာလုပ်နေသည်ကို သူမသိကြောင်း၊ တကယ်တမ်းလည်း မေးခွင့်မရှိကြောင်း နယူးယောက် ဘဏ္ဍာရေးညီလာခံတွင် investors များအား ဖွင့်ပြောခဲ့သည်။
၂၀၀၈ စီးပွားပျက်ကပ်နောက်ပိုင်း အမှုဆောင်ချုပ် Brian Moynihan ၏ လုပ်ရည်ကိုင်ရည်ကိုယုံကြည်၍ ဝါရင်းဘတ်ဖတ်သည် Bank of America တွင် ရင်းနှီးမြှုပ်နှံခြင်းကို ၂၀၁၁ ရောက်မှသာ စတင်ခဲ့ခြင်းဖြစ်သည်။
ယခုနှစ်အတွင်း Bank of America ၏ ရှယ်ယာတန်ဖိုး ၁၇% အထိ မြင့်တက်ခဲ့ပြီးဖြစ်သည်။
Bank of America သည် လုပ်ငန်းပိုင်ဆိုင်မှုတန်ဖိုး ဒေါ်လာ ၂.၄၅ ထရီလျံခန့်ဖြင့် JPMorgan Chase နောက်တွင် အမေရိကန်ပြည်ထောင်စု၏ ဒုတိယအကြီးဆုံးဘဏ်အဖြစ် ရပ်တည်လျက်ရှိသည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Reuters Business, The Motley Fool
Image: Investopedia
5September 25, 2024 295