Apple က တင်ပို့မှုပိတ်ထားသော်လည်း ရုရှား၌ iPhone 16 သစ်ကို… — Orio Economics — TG.ME

Apple က တင်ပို့မှုပိတ်ထားသော်လည်း ရုရှား၌ iPhone 16 သစ်ကို ထုတ်ဖေါ်ပြသ

အမေရိကန်အမှတ်တံဆိပ် iPhone 16 ဖုန်းသစ်များ အကြိုရောင်းချပွဲကို ရုရှားတွင် လျှပ်စစ်လက်လီကုမ္ပဏီကြီးများဖြစ်သည့် M.Vidoe-Eldorado နှင့် ဆက်သွယ်ရေးကွန်ယက်လုပ်ငန်း MTS တို့က ကြာသပတေးနေ့တွင် ပြုလုပ်ခဲ့ပြီး Apple ၏ ဖုန်းအသစ်ကို ရုရှားတွင် ပထမဆုံး မိတ်ဆက်သူများအဖြစ် ကြေညာခဲ့သည်။

ရုရှား-ယူကရိန်း စစ်ပွဲကြောင့် Apple က ရုရှားတွင် iPhone အပါအဝင် ၎င်း၏ ထုတ်ကုန်များကို ရောင်းချမှုအား ၂၀၂၂ တွင် ရပ်တန့်ခဲ့သည်။

M.Video က ဖုန်းအသစ် Delivery များ လာမည့် သီတင်းပတ်တွင် စတင်မည်ဟု ကြေညာခဲ့သလို MTS ကလည်း ဆိုင်များပေါ်တွင် iPhone အသစ် ရောင်းချမှုများ မကြာမီတွင်ပင် စတင်ရန် ခန့်မှန်းထားသည်ဟု ဆိုသည်။

အဆိုပါ ရုရှား၌ iPhone 16 အသစ် မိတ်ဆက်ပွဲ၊ အကြိုအော်ဒါကောက်ခံမှု၊ ဖုန်းအသစ်များ ရောက်လာမည့် သတင်းကို Apple ကုမ္ပဏီဘက်က တစုံတရာ မှတ်ချက်ပေးခြင်း မရှိသေးချေ။

iPhone 16 ကဲ့သို့ နိုင်ငံခြားပစ္စည်းများသည် ရုရှားအား စီးပွားရေးပိတ်ဆို့မှုများ မပြုလုပ်သည့် နိုင်ငံများဖြစ်သော တူရကီ၊ ကာဇက်စတန်၊ တရုတ်၊ အိန္ဒိယ၊ အာရပ်စော်ဘွားပြည်ထောင်စု စသည့် နိုင်ငံများမှ တဆင့် ဝင်ရောက်လာဖွယ် ရှိနေသည်။

ရုရှားတွင် ရောင်းချမည့် iPhone 16 များမှာ အမေရိကန်ပြည်ထောင်စုရှိ ဈေးများထက် ဒေါ်လာ ၄၀၀ ပိုမို များပြားမည်ဖြစ်သလို 1TB iPhone 16 Pro Max သည် U.S တွင် ဒေါ်လာ ၁,၅၉၉ ဖြစ်သော်လည်း ရုရှားတွင် ကန်ဒေါ်လာ ၂,၇၁၀ အထိ ပေးဝယ်ရမည်ဖြစ်သည်ဟု သိရသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Reuters Business
Image: Yahoo Finance
👍1
September 19, 2024 388