ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၃၄/၂၀၂၆) အား အောင်မြင်စွာ ကျင်းပပြုလုပ်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၆
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့၊ ည ၇ နာရီအချိန်တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၃၄/၂၀၂၆) ကို ကျင်းပပြုလုပ်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနနှင့် စပ်လျဉ်း၍ ဆောင်ရွက်ချက်များနှင့် ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခဲ့သည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနနှင့်စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ လူ့အခွင့်အရေးကော်မရှင် ဥပဒေပြဋ္ဌာန်းနိုင်ရေးအတွက် ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့သည်။
၎င်းနောက် ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်းက ပြည်နယ်/ဖက်ဒရယ်ယူနစ်များနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းအဖွဲ့ ဖွဲ့စည်းထားရှိမှုနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း၊ ဖက်ဒရယ်အသွင်ကူးပြောင်းရေးကာလ အစီအမံဆိုင်ရာအခြေခံဥပဒေ (The Articles of Federal Transitional Arrangements - AFTA) မူကြမ်းရေးဆွဲရေးလုပ်ငန်းစဉ်းအား ဆက်လက်ဆောင်ရွက်ခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် ပြင်ဆင်ခြင်းလုပ်ငန်းစဉ်ဆောင်ရွက်ခြင်း၊ အစိုးရအနေဖြင့် ဖွဲ့စည်းထားရှိသည့် ကော်မတီ၊ ကော်မရှင်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၊ ဖက်ဒရယ်ပညာပေးစာစဉ်များအား အွန်လိုင်းမှတစ်ဆင့် စာစဉ် (၈) မျိုးကို ဖြန့်ဝေခြင်းသာမက အမှတ်စဉ် (၂) “ဖက်ဒရယ်စနစ်၏ အဓိပ္ပာယ်ကို ရှင်းလင်းခြင်းနှင့် အသွင်ကူးပြောင်းရေးကာလအတွက် ပြင်ဆင်ခြင်း” စာအုပ်အား အုပ်ရေ (၃၀၀) ပုံနှိပ်ထုတ်ဝေဖြန့်ချိပေးနိုင်ခဲ့ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည့်ကိစ္စရပ်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအား ည ၉:၄၀ နာရီအချိန်တွင် ရပ်နားခဲ့သည်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီအဖွဲ့ဝင်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး၊ ပြည်ထောင်စုဝန်ကြီး၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
