လုပ်နိုင်တာပြီးရင်လုပ်သင့်တာ" ကျွန်တော် စဉ်းစားတာ မမှားဘူးဆိုရင်… — ကိုညီညီ(တောင်ကြီး) — TG.ME

"လုပ်နိုင်တာပြီးရင်လုပ်သင့်တာ"
         ကျွန်တော် စဉ်းစားတာ မမှားဘူးဆိုရင် လောကမှာ ငွေမကြိုက်တဲ့သူ မရှိပါဘူး။ ကျွန်တော် ငွေကို ကြိုက်ပါတယ်၊ မိတ်ဆွေလည်း ငွေကို ကြိုက်နှစ်သက်မှာပါ။ ငွေဆိုတာက မိမိလိုချင်တာ ဘာမဆိုကို လဲလှယ်ဝယ်ယူ နိုင်တယ်လေ။ ဒီငွေကြောင့် ပစ္စည်းဉစ္စာ၊ ပိုင်ဆိုင်မှု၊ ဝန်ဆောင်မှု၊ စည်းစိမ်ရှိရှိ နေထိုင်ခြင်း၊ ကျော်ကြားမှု၊ လူရာဝင်ခြင်းနဲ့ ပျော်ရွှင်မှုတချို့ကို ရရှိနိုင်ပါတယ်။ 

          ဆိုရိုးစကားတစ်ခုရှိတယ် "တိုင်းပြည်ချမ်းသာနေတုန်းမှာ ဆင်းရဲတာဟာ ရှက်စရာကောင်းတယ်၊ တိုင်းပြည်ဆင်းရဲနေတုန်းမှာ ချမ်းသာနေတာက ပိုရှက်ဖို့ ကောင်းတယ်" တဲ့။ ရုတ်တရက် စဉ်းစားကြည့်ရင် "ငါနဲ့ဘာဆိုင်လို့လဲ" လို့ တွေးမိလိမ့်မယ်။ 

          အခုလို တိုင်းပြည်ကြီး အိုးနဲ့ အိုးအဖုံး လွဲနေတဲ့ အချိန်မှာ ကျွန်တော်ကတော့ ကျွန်တော် အားသန်တဲ့ အမေရိကားအကြောင်းနဲ့ လူတွေကို ပညာပေးပါတယ်။ ခက်ခဲနေသူတွေကြားမှာ ကျွန်တော် ငွေမရှာချင်ဘူး၊ ရှက်တယ်၊ စိတ်ထားမမှန်ရင် နေရခက်တယ်၊ ဒါကြောင့် အခကြေးငွေ ကောက်ခံမှု မပါတဲ့ အသိပညာ ဖြန့်ဝေမှုကို လုပ်ကိုင်ပါတယ်။ 

          ကျွန်တော်ဟာ တောင်ကြီးကို ဖြိုမယ့် ခါချဉ်ကောင် တစ်ကောင်တော့ မဟုတ်ဘူး၊ တောင်ကြီးကို တက်မယ့် ခြေတစ်လှမ်းအတွက် တောင်တက်လမ်းကို ညွှန်ပေးနေသူ ဖြစ်တယ်။ ဘယ်သူမပြု မိမိမှု၊ မိမိတိုးတက်ဖို့ မိမိမှာသာ တာဝန်ရှိပါတယ်။ ဒီအတိုင်းပဲ မိမိလွတ်မြောက်ဖို့ မိမိကိုယ်တိုင်သာ ရှောင်ကွင်းတတ်ဖို့ လိုအပ်လှပါတယ်။

          မိခင် ဖခင်ပေါင်းစပ်လို့ မွေးဖွားလာကြသူတိုင်းမှာ ဒီလို အသိ ပါလာဖို့ မသေချာပါ။ ဒါကြောင့် လူသားတစ်ယောက်ဟာ မွေးခါစကနေ ၁၆ နှစ်ဆက်တိုက် ပညာသင်ကြရတယ်။ ကျောင်းဆိုတာဟာလည်း အဆိုးရော အကောင်းရော ထွေးရောယှက်တင် သင်ပေးလိုက််ပါတယ်။ တကယ် တတ်သွားသူတွေက ဘဝတက္ကသိုလ်က ပေးလိုက်တဲ့ ပညာတွေကြောင့်ပါ။ 

          အမှားနဲ့ အမှန်ကို ခွဲခြားတတ်ဖို့ ဘာသာရေးတွေက သင်ပေးတယ်။ အဖြူနဲ့အမည်း ခွဲခြားတတ်ဖို့ အမြင်အာရုံတွေက သင်ပေးတယ်။ လူကောင်း လူဆိုး ခွဲခြားတတ်ဖို့ ခေတ်နဲ့စနစ်က သင်ပေးလိုက်ပါတယ်။ ဒီလောက်ဆိုရင် ကျွန်တော် ဘာကို ဆိုလိုသလဲဆိုတာ သဘောပေါက်လောက်ပါပြီ။

         ငွေနောက် လိုက်ရင် ငွေရဲ့ဝယ်ယူခြင်းကို ခံရလိမ့်မယ်။ အသိပညာနောက် လိုက်ရင် လောကဓံရဲ့ ဆုံးမသွန်သင်ခြင်းကို ခံရလိမ့်မယ်။ လူမိုက်နောက် လိုက်ရင် ကံကြမ္မာရဲ့ ဒဏ်ခတ်ခြင်းကို ခံရပါလိမ့်မယ်။ သင်ခန်းစာနောက်လိုက်ပြီး ပညာလိုက်ယူရင် မိမိ ဘဝ တဆင့်မြင့်မှုကို ခံစား၊ စံစားရပါလိမ့်မယ်။

          DV တင်တဲ့ကာလမှာ လူများများ အခမဲ့ DV တင်နိုင်အောင် ကူညီပေးကြပါ။ နောက်ကိစ္စ နောက်မှ ရှင်းကြ။ ဒါပြီးရင် အလည်ဗီဇာ တင်ကြ၊ ကျောင်းသားဗီဇာ လျှောက်ကြပါ။

          လုပ်နိုင်တာ လုပ်ပြီးသွားရင် လုပ်သင့်တာကို လုပ်ကြရမယ် မဟုတ်ပါလား။ ငွေကုန်ကြေးကျ များမလား နည်းမလား မသိဘူး၊ အမေရိကားရောက်ရင် အလုပ်လုပ်ပြီး ကုန်ကျစရိတ်တွေ ကျေလို့ လူတန်းစေ့ နေနိုင်မယ်ဆိုတာကတော့ ကျွန်တော် သိပါတယ်။ ဘဝမှာ မိမိတောင်းဖို့ သတ္တိရှိတဲ့ ဥစ္စာဓနကိုသာ မိမိရမှာ ဖြစ်ပါတယ်။

အောင်မြင်ကြပါစေ။

#KNNTgi
09-07-2024
❤64👍8🙏4
September 7, 2024 2.6K