Golden Gate Bridge ပေါ်မှာ စက်ဘီး စီးမလား" "စက်ဘီးစီးခြင်းဟာ… — ကိုညီညီ(တောင်ကြီး) — TG.ME

"Golden Gate Bridge ပေါ်မှာ စက်ဘီး စီးမလား"
"စက်ဘီးစီးခြင်းဟာ အားကစားတစ်ခုလို့ သတ်မှတ်ထားတဲ့ San Francisco မြို့ဘက်မှာနေသူ မိတ်ဆွေတို့ဟာ မရင်းခရိုင်-Marine County ၊ စော်ဆလိတို-Sausalito မြို့ဘက်ကို စက်ဘီးစီး မထွက်ဘူးဆိုရင် ပြည့်စုံတယ်လို့ မဆိုနိုင်ဘူး"

"မနက်ခင်းတစ်ခုမှာ San Francisco မြို့ကြီးက အိပ်ယာက နိုးလာပေမယ့် Golden Gate Bridge တံတားကြီးကတော့ မြူတွေအုပ်ဆိုင်းနေဆဲ။ ဒါကြောင့် Cycling Group Rides တွေ ရှိတဲ့ Sausalito မြို့ဘက်ကို ထွက်လာခဲ့တယ်"

"နေမထွက်ခင် အိပ်ယာကထ Golden Gate Bridge အထိကို ကားမောင်းလာ၊ ကားပါကင်ရှာပြီး သေသေချာချာ ရပ်၊ ပါလာတဲ့ စက်ဘီးကို အောက်ချပြီး Golden Gate Bridge ကို ၁.၇ မိုင် ဖြတ်နင်းသွား၊ ပြီးတာနဲ့ ၅.၈ မိုင်သာ ဝေးတဲ့ Sausalito မြို့ကို ရောက်ပြီ"

"အဲဒီမှာ ဘော်ဒါတွေနဲ့တွေ့၊ စက်ဘီး ကောင်းမကောင်း စစ်ဆေး၊ မနက်စာ စား၊ အုပ်စုလိုက် မိသားစုအကြောင်းတွေ စကားပြော၊ ပြီးရင် Golden Gate Bridge ကို နောက်တစ်ခေါက် အပြန် ပြန်ဖြတ်နင်းလာ၊ ကားနားရောက်ရင် စက်ဘီးကို ကားပေါ် ပြန်ချိတ်"

ဒီလိုအနေအထားက နေ့စဉ် နေ့တိုင်း လူ ၁ဝဝဝဝ လာရောက် လည်ပတ်လေ့ရှိတဲ့ Golden Gate Bridge အပေါ်ကို စက်ဘီးစီးသူပေါင်း ၆ဝ၀၀ လောက် ဖြတ်နင်းသွားတဲ့ စက်ဘီးစီးခြင်း အားကစားအကြောင်း ရှင်းပြနေတဲ့ Drake ရဲ့ စကားသံတွေ ဖြစ်ပါတယ်။

သူနဲ့ဆုံခဲ့တဲ့ Mike's Bikes စက်ဘီးပစ္စည်းဆိုင်ဟာ https://tinyurl.com/4ppykunv အတော်လေးစုံတယ်။ အတန်းအစားအလိုက် ဈေးစုံတာထက် ဈေးကြီးတဲ့ စက်ဘီးနဲ့ အသုံးအဆောင်တွေကို တွေ့ခဲ့ရတယ်။

ဥပမာ- ကာဗွန်ဖိုင်ဘာနဲ့ လုပ်ထားတဲ့ သာမန် ဒေါ်လာ ၂ဝဝဝ-၂၅ဝဝ တန်အပြင် ဒေါ်လာ ၉၃ဝဝ တန်ကို ဘဝမှာ ပထမဦးဆုံး မြင်ဖူးခဲ့လေတော့ လန့်သွားမိတယ်။ (Walmart မှာဆိုရင် ဒေါ်လာ ၂ဝဝ တန်က တော်တော်ကောင်းနေပါပြီ။ ဒါပေမယ့် လေးတယ်။)

စက်ဘီးဦးထုတ် ၁ လုံးကို သာမန် ၂၇ ဒေါ်လာပေးရတာဟာ ဒီဆိုင်မှာ ၁၄ဝ-၂၅ဝ ဒေါ်လာ။ တံဆိပ်က စက်ဘီးချစ်သူတွေ အကြိုက်ဖြစ်သလို Drake ဝယ်ထားတဲ့ စက်ဘီးဟာလည်း ဒေါ်လာ ၃၄ဝဝ ပေးရပါတယ်။ စက်ဘီး ဘီးပေါက်ရင် ဒီဆိုင်က ချက်ချင်းဖာပေးတယ် ၁၅ ဒေါ်လာ ပေးရတယ် တဲ့။

စက်ဘီးချစ်သူတွေ ဆုံစည်းရာလို့ မပြောရဘူး . . စက်ဘီးအစစ်တွေဟာ နံရံမှာ ချိိတ်ထားရုံမက ပန်းချီကားအနေနဲ့ အိမ်သာထဲအထိပါ ချိတ်ပြထားလိုက်သေးတယ်။ ထူးခြားတာက ရေဘုံပိုင်က ရေသန့်စက်၊ ဘယ်ဘက်တစ်ခုက သာမန်လက်ဆေးဖို့၊ ညာဘက်တစ်ခုက ရေသန့်စက်နဲ့ စစ်ချလိုက်ပြီးသား Filtered Water ကို ရေသန့်ဗူးထဲ ထည့်ဖို့ အသင့်ပါတဲ့။

Drake နဲ့ လမ်းခွဲတော့ Robin Williams Tunnel ဆိုတဲ့ ဉမင်လှိုင်ခေါင်း အောက်က https://tinyurl.com/nmse5yx7 မောင်းပြန်ခဲ့တယ်။ လှိုင်ခေါင်းအောက်ထဲ စဝင်တော့ မှောင်သွားပေမယ့် ပြန်အထွက်မှာ နေမထွက်နိုင်သေးတဲ့ Golden Gate Bridge ကို မြူတွေကြားမှာ တွေ့နေရဆဲပဲ။

စက်ဘီးဟာ စက်တပ်ယာဉ်မဟုတ်တော့ ဘာဖြတ်ခမှ မပေးရတာက သိပ်ကောင်းတဲ့ အချက်၊ တံတားကြီးပေါ်မှာ လူတွေဟာ ကျန်းမာရေး လေ့ကျင့်ခန်း လုပ်သူတွေနဲ့ ပြည့်နှက်၊ စက်ဘီးချစ်သူတွေဟာ မြူတွေကြားမှာ Golden Gate Bridge ကို နှုတ်ဆက်၊ ကျွန်တော်ကတော့ Golden Gate Bridge ရဲ့ https://tinyurl.com/42yrndra ကုန်းတွင်းဘက်အခြမ်းကို မနားတမ်း ခရီးဆက်။

#KNNTgi
09-14-2024
Mike's Bikes of Sausalito · 1 Gate 6 Rd, Sausalito, CA 94965, United States
★★★★★ · Bicycle store
👍40❤13
September 15, 2024 11.2K 4