ရန်ကုန်-မန္တလေးအမြန်လမ်းဘေး ကျေးရွာများမှ လူငယ်များကို စစ်တပ်က… — Hlaing Info — TG.ME

ရန်ကုန်-မန္တလေးအမြန်လမ်းဘေး ကျေးရွာများမှ လူငယ်များကို စစ်တပ်က နေ့စဉ်ဖမ်းဆီး ပေါ်တာဆွဲမှုများပြားနေ၊ ချောက်မြို့တွင်လည်း စက်သုံးဆီတန်းစီသူများထံမှ မိုဘိုင်းလ်ဖုန်း ၄၀ ကျော်သိမ်းဆည်းကာ လူငယ်များ ဖမ်းဆီးသွား

စက်တင်ဘာလ ၄ ရက်

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၁၄၄/၁ ဖာလုံမှ ၇ ဖာလုံကြားရှိ ကျေးရွာများတွင် လမ်းသွားလမ်းလာ လူငယ်များနှင့် အသက်မွေးဝမ်းကျောင်းအတွက် နေ့စဉ်အလုပ်လုပ်ကိုင် ရှာဖွေနေရသည့် လူငယ်များကို စစ်ကောင်စီတပ်နှင့် ပူးပေါင်းအဖွဲ့များက နေ့စဉ်ရက်ဆက် ဖမ်းဆီးကာ ပေါ်တာဆွဲမှုများ ပိုမိုများပြားလာနေကြောင်း ဒေသခံများထံမှ သိရှိရသည်။

အဆိုပါ အမြန်လမ်းတစ်လျှောက်ရှိ ပိတောက်ခင်၊ ကြက်တက်ညောင်ပင်၊ ဘိုကုန်း၊ သပြေကုန်း၊ ချင်းရွာ၊ ကြွယ်ကံနှင့် သရက်ပင်ကျေးရွာများတွင် လူငယ်များကို အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးခေါ်ဆောင်မှုများ ဆက်တိုက်ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောဆိုသည်။

စက်တင်ဘာလ ၂ ရက်နေ့တွင်လည်း အသက် ၁၉ နှစ်အရွယ် ဘိုကုန်းကျေးရွာမှ လူငယ် ၂ ဦး အမြန်လမ်းဘေး ချောင်းမြောင်းများအတွင်း ငါးဖမ်းရှာဖွေနေစဉ် စစ်တပ်နှင့်ပျူစောထီးများက လိုက်လံဖမ်းဆီးခဲ့ကြောင်း ၊ လူငယ် ၁ ဦးမှာ လွတ်မြောက်သွားခဲ့သော်လည်း ကျန်လူငယ်တစ်ဦးကို ဖမ်းဆီးခံခဲ့ရပြီး ထိုးကြိတ်ရိုက်နှက်ကာ ငါးဖမ်းရာတွင် အသုံးပြုသည့် ကျဉ်စက်ဖြင့် ထိုးနှက်ခံခဲ့ရကြောင်း သိရှိရသည်။

ထို့နောက် ဖမ်းဆီးခံရသည့် လူငယ်ကို Honda Fit ကားတစ်စီးဖြင့် ခေါ်ဆောင်သွားခဲ့ပြီး စက်တင်ဘာလ ၄ ရက်နေ့အထိ မိသားစုနှင့် အဆက်အသွယ်မရရှိသေးကြောင်း သိရှိရသည်။

ဒေသခံများ၏ ပြောဆိုချက်အရ အဆိုပါဒေသတွင် လူငယ်များကို ဖမ်းဆီးပေါ်တာဆွဲခံရပါက ပြန်လည်လွတ်မြောက်ရေးအတွက် မိသားစုများက ငွေကျပ် သိန်း ၁၀၀ ကျော်အထိ ပေးဆောင်ကာ လိုက်လံရွေးယူရသည့် ဖြစ်စဉ်များလည်း ရှိနေကြောင်း သိရသည်။

“တချို့မိသားစုတွေက နေ့စဉ်ဝမ်းရေးအတွက် ရုန်းကန်နေရတဲ့အချိန်မှာ သားသမီးတွေ ပေါ်တာဆွဲခံရရင် ပြန်လွှတ်ဖို့ သိန်း ၁၀၀ ကျော်အထိ ငွေပေးရတယ်။ မပေးနိုင်တဲ့ မိသားစုတွေအတွက်တော့ သူတို့သားတွေ စစ်မှုထမ်းအပို့ခံရတယ် ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

တစ်ဖက်တွင်လည်း စက်တင်ဘာလ ၃ ရက်နေ့ မကွေးတိုင်း၊ ချောက်မြို့၌ QR Code စနစ်ဖြင့် ဆိုင်ကယ်ဆီရရှိရန် ဆီဆိုင်များတွင် တန်းစီစောင့်ဆိုင်းနေသည့် ပြည်သူများကို ပျူစောထီးအဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်ကာ မိုဘိုင်း ဖုန်းအလုံးရေ ၄၀ ကျော်ကို သိမ်းဆည်းခဲ့ပြီး လူငယ်များကိုလည်း ဖမ်းဆီးခေါ်ဆောင်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ချောက်မြို့တွင် စက်သုံးဆီပြတ်လပ်မှုများနှင့် ဆီခွဲတမ်းစနစ်များကြောင့် ပြည်သူများသည် QR Code စနစ်ဖြင့် မှတ်ပုံတင်ကာ ဆိုင်ကယ်ဆီဝယ်ယူရန် ဆီဆိုင်များတွင် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းနေရချိန် ယင်းသို့ ဖုန်းများသိမ်းဆည်းခြင်းနှင့် လူငယ်များကို ဖမ်းဆီးခေါ်ဆောင်ခြင်းများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စစ်မှုထမ်းဥပဒေကို အကြောင်းပြု၍ နိုင်ငံတစ်ဝန်း လူငယ်များကို အတင်းအကျပ်ဖမ်းဆီးခေါ်ဆောင်ကာ စစ်တပ်အတွင်းသို့ ပို့ဆောင်မှုများ ဆက်တိုက်ဖြစ်ပေါ်နေပြီး ကျေးလက်ဒေသများနှင့် မြို့ပြဒေသများတွင် လမ်းသွားလမ်းလာ လူငယ်များအနေဖြင့် ဖမ်းဆီးခံရမည့်အန္တရာယ်ကို စိုးရိမ်နေရကြောင်း ဒေသခံများက ပြောဆိုကြသည်။

ဓာတ်ပုံ- ပုံအဟောင်းဖြစ်ပါသည်။
#KTM
#HlaingInfo
🤬45❤6👎1👏1😢1
September 4, 2026 2.1K 4