ဝ”တပ်ဖွဲ့ ဖမ်းမိသည့် မူးယစ်ဆေးဝါးများ စစ်ကောင်စီထံ လွှဲပြောင်း… — Hlaing Info — TG.ME

“ဝ”တပ်ဖွဲ့ ဖမ်းမိသည့် မူးယစ်ဆေးဝါးများ စစ်ကောင်စီထံ လွှဲပြောင်း

စက်တင်ဘာလ ၄ ရက်

“ဝ”တပ်ဖွဲ့-UWSA က ဖမ်းဆီးရမိသည့် တန်ဖိုး ၁ဘီလီယံကျော်ရှိသည့် မူးယစ်ဆေးဝါးများကို ယနေ့တွင် စစ်ကောင်စီထံ လွှဲပြောင်းပေးလိုက်သည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။

UWSA စစ်ဒေသ (၁၇၁) မူးယစ်တိုက်ဖျက်ရေးအဖွဲ့မှ ဖမ်းဆီးရမိသည့် ဖမ်းမိမူးယစ်ဆေးဝါးများအား စစ်ကောင်စီ စစ်တပ်နှင့်ရဲတပ်ဖွဲ့ထံ လွဲပြောင်းပေးအပ်မှုကို ရှမ်းပြည်တောင်ပိုင်း ပုံပါကျင်မြို့ ဟွေအောကျေးရွာ၌ ယနေ့တွင် ပြုလုပ်ခြင်းဖြစ်သည်ဟု “ဝ”တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သည့် ဦးညီရန်းက ၎င်း၏ လူမှုကွန်ယက်တွင် ထုတ်ပြန်သည်ကိုတွေ့ရသည်။

ယခု လွဲပြောင်းပေးခြင်းသည် “ဝ”တပ်ဖွဲ့ မှ စစ်ကောင်စီတပ်ဖွဲ့သို့ ၂၆ ကြိမ်မြောက် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ လွဲပြောင်းပေးခြင်းဖြစ်ပြီး ယခုအကြိမ်လွဲပြောင်းမှုတွင် မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများဖြစ်သော မက်သာဖက်တမင်းနှင့် စိတ်ကြွရှုးသွပ်ဆေးပြား စုစုပေါင်းတန်ဖိုး ကျပ်(၁.၃၉၁)ဘီလီယံ တို့ပါဝင်သည်ဟု သိရသည်။

ယခု ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများသည် ဩဂုတ်လ ၂၈ရက်နေ့တွင် ပုံပါကျင်မြို့BP-(1)စခန်းနှင့် မာစံဖော'၀'စခန်းကြားနေရာတွင် ဖမ်းဆီးရမိခြင်းဖြစ်ပြီး တရားခံများသည် မူးယစ်ဆေးဝါးများကိုစွန့်ပစ်ပြီး မှောင်မိုက်၍ ရှုပ်ထွေးသောမြေပြင်အနေအထားအောက်တွင် ထိုင်းနိုင်ငံသို့ ထွက် ပြေးသွားခဲ့သည်ဟု “ဝ”တပ်ဖွဲ့ ပြင်ပဆက်ဆံရေး ဒုဌာနမှူးဦးကျောက်ကျက်က အခမ်းအနားတွင်ပြောသည်။

ယခု ဖမ်းမိ မူးယစ်ဆေးဝါး လွဲပြောင်းပေးအပ်ခြင်းအခမ်းအနားတွင် “ဝ”တပ်ဖွဲ့ဖက်က ၁၇၁ စစ်ဒေသ မူးယစ်တိုက်ဖျက်ရေးဌာနမှူး ဦးဆွိထွမ်းနှင့် ပြင်ပဆက်ဆံရေးဌာန ဒုဌာနမှူး ဦးကျောက်ကျက်က ဦးဆောင်ခဲ့ပြီး စစ်ကောင်စီဖက်တွင်မူ မိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းကျော်နှင့် ခလရ(၆၅)ယာယီတပ်ရင်းမှူး ဗိုလ်မှူးဝင်းတင်က လက်ခံရယူခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

#MKN
#HlaingInfo
🤬33😁11❤2🔥2👍1👏1
September 4, 2026 2.1K 5