မလေးရှားတွင် အော်ပရာစီ စီမံချက်ဖြင့် တရားမဝင် မြန်မာနိုင်ငံသား ၁၀၆ ဦး အဖမ်းခံရ
စက်တင်ဘာလ ၄ ရက်
မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်အတွင်းရှိ စက်ရုံများနှင့် စီးပွားရေးလုပ်ငန်းခွင်များကို လူဝင်မှုကြီး ကြပ်ရေးအာဏာပိုင်များက အော်ပရာစီ စီမံချက်စစ်ဆင်ရေးများဖြင့် ဆက်တိုက်ဝင်ရောက်စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံသား ၁၀၆ ဦးအပါအဝင် တရားမဝင်ရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၁၉၂ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ဂျိုဟိုးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဂျိုဟိုးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ဩဂုတ်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်းတွင် ကူလိုင် (Kulai) ဧရိယာအတွင်းရှိ လျှပ်စစ်ပစ္စည်းစက်ရုံ၊ ကားဆေးဆိုင်၊ ဆိုင်ခန်းတန်းလျားများနှင့် စားသောက်ဆိုင်များကို ရှောင်တခင် အော်ပရာစီဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ဆေးမှုအတွင်း အသက် ၂၄ နှစ်မှ ၄၅ နှစ်ကြားရှိ မြန်မာနိုင်ငံသား ၃၂ ဦးတွင် အမျိုးသား ၁၅ ဦးနှင့် အမျိုးသမီး ၁၇ ဦး ပါဝင်ပြီး နီပေါ၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံသားများအပါအဝင် စုစုပေါင်း ၆၉ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ထို့ပြင် လူဝင်မှုကြီးကြပ်ရေးဥပဒေ စည်းမျဉ်းချိုးဖောက်မှုများတွင် ပါဝင်ပတ်သက်သည်ဟု သံသယရှိသဖြင့် အဆိုပါစက်ရုံမှ မလေးရှားနိုင်ငံသား HR အရာရှိ ၂ ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းနောက် စက်တင်ဘာလ ၁ ရက်နေ့မှ ၂ ရက်နေ့အထိ ၄၈ နာရီကြာ အထူးစစ်ဆင်ရေးတစ်ရပ် ထပ်မံပြုလုပ်ခဲ့ပြီး ဒင်ဆန်းဆိုင်၊ ကားပြင်ဝပ်ရှော့၊ အဝတ်လျှော်ဆိုင်၊ ကားအပိုပစ္စည်းဆိုင်နှင့် အနှိပ်ခန်းများအပါအဝင် စီးပွားရေးလုပ်ငန်းခွင်များကို ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ဒုတိယအကြိမ် စစ်ဆေးမှုအတွင်း အသက် ၂၀ မှ ၅၀ နှစ်ကြားရှိ မြန်မာနိုင်ငံသား ၇၄ ဦးကို ဖမ်းဆီးခဲ့ရာ အမျိုးသား ၄၇ ဦးနှင့် အမျိုးသမီး ၂၇ ဦး ပါဝင်ကြောင်း၊ အင်ဒိုနီးရှား၊ တရုတ်၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နှင့် ဗီယက်နမ်နိုင်ငံသားများအပါအဝင် စုစုပေါင်း ၁၂၃ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
ထို့အတူ တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများကို ငှားရမ်းအသုံးပြုမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးနိုင်ရန် အဆိုပါလုပ်ငန်းခွင်များတွင် ဆိုင်မန်နေဂျာအဖြစ် တာဝန်ယူထားသည့် မလေးရှားနိုင်ငံသား ၆ ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
ဖမ်းဆီးခံရသူများသည် မလေးရှားနိုင်ငံအတွင်း တရားမဝင်နေထိုင်ခြင်း၊ ဗီဇာနှင့် အလုပ်လုပ်ကိုင်ခွင့်ပါမစ် စည်းကမ်းချက်များကို ချိုးဖောက်ခြင်းတို့ကြောင့် မလေးရှား လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေနှင့် သက်ဆိုင်ရာ နည်းဥပဒေများအရ အရေးယူခံရမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် စစ်ဆင်ရေး ၂ ကြိမ်အတွင်း ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား ၁၀၆ ဦးအပါအဝင် နိုင်ငံခြားသား ၁၉၂ ဦးကို ဆက်လက်စစ်ဆေးအရေးယူနိုင်ရန် စတီယာ ထရိုပီကာ (Setia Tropika) လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ထားကြောင်း သိရသည်။
ဂျိုဟိုးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ဥပဒေချိုးဖောက်နေထိုင်သည့် နိုင်ငံခြားသားများကိုသာမက တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများကို သိရှိလျက်နှင့် ငှားရမ်းထားခြင်း၊ နေထိုင်ခွင့်ပေးခြင်းနှင့် အကာအကွယ်ပေးခြင်းများ ပြုလုပ်သည့် အလုပ်ရှင်များကိုလည်း ပြတ်ပြတ်သားသား အရေးယူသွားမည်ဟု သတိပေးထုတ်ပြန်ထားသည်။
#KTM
#HlaingInfo

30
11
3
1September 4, 2026 2.2K 5