လူမှုကွန်ရက်ပလက်ဖောင်းမျိုးစုံမှ သတင်းတု၊ သတင်းအမှားများ ဖတ်မိပြီး… — Hlaing Info — TG.ME

လူမှုကွန်ရက်ပလက်ဖောင်းမျိုးစုံမှ သတင်းတု၊ သတင်းအမှားများ ဖတ်မိပြီး စိတ်အလိုလိုက်၍ လူငယ်များ လမ်းမှား ဘဝပျက်ရဟု တပ်ချုပ်သစ် အကြမ်းဖက် ရဲဝင်းဦးပြော

▪️မင်းအောင်လှိုင်နှင့် ရဲဝင်းဦးတို့ ၂ ဦးစလုံး လူငယ်များကို တောက်လျှောက်ဆိုသလို အပြစ်တင်နေ

စက်တင်ဘာလ ၃ ရက်

လူမှုကွန်ရက်ပလက်ဖောင်းမျိုးစုံမှ သတင်းတု၊ သတင်းအမှားများကို ဖတ်မိပြီး စိတ်အလိုလိုက်ကာ လွဲမှားသည့် အယူအဆများ ဖြစ်ပေါ်လာခြင်းကြောင့် လူငယ်များ လမ်းမှားကာ ဘဝပျက်ရသည့် အခြေအနေများရှိနေကြောင်း တပ်ချုပ်သစ်အဖြစ် ခန့်အပ်ခံထားရသော အကြမ်းဖက်စစ်ခေါင်းဆောင် ရဲဝင်းဦးက ပြောဆိုသည်။

ယမန်နေ့ စက်တင်ဘာလ ၂ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သည့် ထူးချွန်စစ်သားသားသမီးများအား ဆုပေးပွဲအခမ်းအနားတွင် အကြမ်းဖက်စစ်တပ်၏ တပ်ချုပ်သစ် ရဲဝင်းဦးက ထိုသို့ ပြောဆိုခြင်းဖြစ်သည်။

လက်ရှိကမ္ဘာကြီးသည် နည်းပညာခေတ်ဖြစ်လာသည်နှင့်အညီ Mobile Phone အသုံးပြုမှုနှင့် လူမှုကွန်ရက်ပလက်ဖောင်းအသီးသီးကို အသုံးပြုသူများမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာနေကြောင်း၊ လူမှုကွန်ရက်အသုံးပြုသူများတွင် KG မတိုင်မီအရွယ် ကလေးငယ်များမှ အဆင့်မြင့်တက္ကသိုလ် ပညာသင်ကြားနေသည့် လူငယ်များအထိ ပါဝင်နေသည်ကို တွေ့မြင်နေရကြောင်း ရဲဝင်းဦးက ပြောဆိုသည်။

လူမှုကွန်ရက်ပလက်ဖောင်းမျိုးစုံမှတစ်ဆင့် သတင်းတု၊ သတင်းမှားများကို ဖတ်မိပြီး စိတ်အလိုလိုက်ကာ လွဲမှားသည့် အယူအဆများ ဖြစ်ပေါ်လာခြင်းမှတစ်ဆင့် လမ်းမှားကာ ဘဝပျက်ခဲ့ရသည့် လူငယ်များရှိနေကြောင်း၊ တစ်ဖက်တွင်လည်း လူငယ်များ၏ လောကနီတိဖွံ့ဖြိုးရေးနှင့် စွမ်းရည်မြင့်မားရေးဆိုင်ရာ လေ့လာမှုများအပေါ် စိတ်ပါဝင်စားမှုနှင့် လိုက်နာမှုများ တစ်စတစ်စ လျော့နည်းလာနေခြင်းသည် အနာဂတ်အတွက် အန္တရာယ်ရှိသည့် အခြေအနေဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့ကြောင့် မိဘများအနေဖြင့် မိမိတို့၏ သားသမီးများ လူမှုကွန်ရက်နှင့် ဆိုရှယ်မီဒီယာများ အသုံးပြုခြင်းကို စည်းကမ်းတကျ စီမံကြပ်မတ်ပေးရန် လိုအပ်ကြောင်း ရဲဝင်းဦးက တိုက်တွန်းပြောဆိုခဲ့သည်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တပ်ချုပ်သစ် ရဲဝင်းဦးတို့သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူငယ်များနှင့်ပတ်သက်၍ မကြာခဏဆိုသလို အပြစ်တင်ပြောဆိုမှုများ ပြုလုပ်နေကြခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း မြန်မာနိုင်ငံရှိ လူငယ်များ စာမတတ်၊ ပညာမတတ်ခြင်းကြောင့် အကြမ်းဖက်မှုများ ကျူးလွန်နေကြောင်း၊ ပညာမတတ်သည့် အညာဒေသများတွင် လက်နက်ကိုင်တိုက်ခိုက်မှုများ ဖြစ်ပွားနေကြောင်း မကြာခဏဆိုသလို ပြောဆိုကာ လူငယ်များနှင့် အညာဒေသခံများကို အပြစ်တင်ခဲ့ဖူးသည်။

ထို့ပြင် ဩဂုတ်လ ၃၁ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သည့် ထူးချွန်ကျောင်းသားများ ဆုပေးပွဲအခမ်းအနားတွင် မင်းအောင်လှိုင်က မြန်မာနိုင်ငံမှ လူငယ်များသည် တိုင်းတစ်ပါးနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြခြင်းသည် နိုင်ငံတော်အတွက် အလွန်နစ်နာစေပြီး နိုင်ငံ၏ လူသားအရင်းအမြစ်များစွာ ဆုံးရှုံးနေရကြောင်း ပြောဆိုခဲ့သည်။

ထို့ကြောင့် လူငယ်များအနေဖြင့် မိမိတို့နိုင်ငံတွင် သင်ကြားခဲ့ရသည့် ပညာရပ်များကို အသုံးချကာ မိမိနိုင်ငံနှင့် မိမိလူမျိုးအတွက် အပြည့်အဝ အကျိုးပြုပြီး ပြန်လည်ကျေးဇူးဆပ်နိုင်ရန် လိုအပ်ကြောင်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံတွင် လူငယ်ဦးရေ ၁၆ ဒသမ ၇၈ သန်းခန့်ရှိနေပြီး စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်မှုထမ်းဥပဒေအပါအဝင် စစ်တပ်၏ ဖိအားများ၊ စီးပွားရေးအကျပ် အတည်းနှင့် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် လူငယ်အများအပြားမှာ ပြည်ပနိုင်ငံများသို့ ထွက်ခွာအလုပ် လုပ်ကိုင်ရန် ကြိုးပမ်းနေကြသည့်အချိန်တွင် စစ်ခေါင်းဆောင် ၂ ဦးက လူငယ်များအပေါ် ဆက်တိုက်အပြစ်တင်ပြောဆိုနေခြင်းဖြစ်သည်။

#KTM
#HlaingInfo
😁41🔥24❤3👎3👏2🤬2
September 3, 2026 2.5K 3 4