ကမ္ဘာ့ပထမဆုံးအကြိမ်အဖြစ် အက်တမ်တစ်လုံးချင်းစီကို… — Fact Hub Myanmar — TG.ME

ကမ္ဘာ့ပထမဆုံးအကြိမ်အဖြစ် အက်တမ်တစ်လုံးချင်းစီကို ဓာတ်မှန်ရိုက်ပြနိုင်ခဲ့တဲ့ သုတေသနကို ဦးဆောင်သူ မြန်မာလူမျိုး ရူပဗေဒပညာရှင် ဒေါက်တာစောဝေလှဟာ သိပ္ပံပညာရဲ့ ဂုဏ်သိက္ခာအကြီးမားဆုံး နိုဘယ်ဆုကို ဆွတ်ခူးနိုင်ခြေ ရှိနေပါတယ်။

ပါမောက္ခ ဒေါက်တာစောဝေလှ ဦးဆောင်တဲ့ အိုဟိုင်းရိုးတက္ကသိုလ်နဲ့ အာဂွန်းန်အမျိုးသားဓာတ်ခွဲခန်းက သိပ္ပံပညာရှင်အဖွဲ့ဟာ ကမ္ဘာအနှံ့က သုတေသီတွေ ဆယ်စုနှစ်များစွာကြာအောင် ဝိုင်းဝန်းကြိုးပမ်းပြီး ဖြစ်နိုင်ဖို့ အလွန်အမင်းခက်ခဲတယ်လို့ ထင်ကြေးပေးခဲ့ကြတဲ့ အက်တမ်တစ်လုံးချင်းစီရဲ့ သီးသန့် X-ray ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ မေလမှာ အောင်အောင်မြင်မြင် ရိုက်ကူးနိုင်ခဲ့ကြတာပါ။ X-ray နည်းပညာတွေ ပုံစံပေါင်းစုံနဲ့ ဖွံ့ဖြိုးထွန်းကားလာပေမဲ့ အက်တမ်တစ်လုံးတည်းကို သီးသန့်ဓာတ်မှန်ရိုက်နိုင်ခြင်းက နှစ်ပေါင်း ၁၃၀ အတွင်း ပထမဆုံးပါပဲ။

ဒီသုတေသနအပြီး နှစ်နှစ်အကြာ ၂၀၂၅ ခုနှစ်မှာ ဒေါက်တာစောဝေလှနဲ့ Fact Hub Magazine တွေ့ဆုံခွင့်ရခဲ့ပြီး သုတေသနရဲ့ အောင်မြင်မှု၊ ရှေ့ဆက်အလားအလာနဲ့ ဆက်စပ်လို့ အင်တာဗျူးခဲ့ပါတယ်။

“Google မှာ ရိုက်ရှာကြည့်လိုက်ရင်လဲ သိကြပါလိမ့်မယ်။ နောက်ဆုံးအောင်မြင်သွားတဲ့ X-ray ပေါ့။ ဒီဟာက တကယ့်ကို ကြီးကြီးမားမားဖြစ်သွားလို့ နိုင်ငံတကာဆုတွေ ရတယ်။ ဂျာမနီက ပေးတဲ့ Falling Walls Laureate Breakthrough of the Year Award ရယ်၊ အဲဒါမတိုင်ခင်က အင်္ဂလန်ကနေပြီးတော့ ၂၀၂၃ ရဲ့ ထိပ်တန်း Breakthrough ၁၀ ခုထဲမှာ ၁ ခု ပါတယ်။ Falling Walls ကတော့ ဆရာက နံပါတ် ၁ ပေါ့။ တစ်ကမ္ဘာလုံးကနေ သူတို့ စကာတင်ရွေးတာ အယောက် ၁၁၀၀ ကျော်၊ အဖွဲ့အစည်းပေါင်း ၃၀၀ ကျော်၊ နိုင်ငံပေါင်း ၉၄ နိုင်ငံကနေ Physical Science နယ်ပယ်အတွက်ကို တစ်ယောက် ရွေးတယ်။ အဲဒီမှာ ဆရာ ထိပ်ဆုံးက ရသွားတယ်။” လို့ အိုဟိုင်းရိုးတက္ကသိုလ်၊ နာနိုစကေးနဲ့ ကွမ်တမ်ဖြစ်ရပ်ဆိုင်ရာ သုတေသနဌာနရဲ့ ဒါရိုက်တာတဖြစ်လဲ ဒေါက်တာစောဝေလှက ပြောပါတယ်။

Physical Science ဆိုတာ ဓာတုဗေဒ၊ ရူပဗေဒ၊ အမှုန်ရူပဗေဒ၊ ဒြပ်ပစ္စည်းသိပ္ပံ (Materials Science) နဲ့ နက္ခတ္ထဗေဒ (Astronomy) တို့ ပါဝင်တဲ့ ရုပ်ဝတ္ထုဆိုင်ရာ ပညာရပ်သိပ္ပံနယ်ပယ်ခွဲ ဖြစ်ပြီး အဲဒီနယ်ပယ်တွေအတွက် ဂျာမနီအခြေစိုက် Falling Walls ဖောင်ဒေးရှင်းက ပေးတဲ့ ၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံးသိပ္ပံဆိုင်ရာ စွန့်ဦးတီထွင်မှုဆု (2024 Science Breakthrough of the Year Laureate) ကိုတော့ ဒေါက်တာစောဝေလှ တစ်ဦးတည်း ရရှိခဲ့တာပါ။

တစ်ဆက်တည်း “မကြာသေးခင်ကမှ ရထားတာက Feynman Prize in Nanotechnology။ တစ်ကမ္ဘာလုံးက နာနိုနည်းပညာနဲ့ ပတ်သက်လို့ လုပ်နေတဲ့ထဲ နယ်ပယ်အလိုက် အကောင်းဆုံးသူတွေကို တစ်နှစ် တစ်ယောက်စီ ရွေးတာပေါ့။ အဲဒီမှာလဲ ဆရာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀၂၄ ကပဲ ဆုရတယ်။ ၂၀၂၅ ဇန်နဝါရီမှာ အခမ်းအနားမိန့်ခွန်းပြောရပါတယ်။” လို့ ဒေါက်တာက ဆက်ပြောပါတယ်။

သူဟာ ကမ္ဘာ့ထိပ်တန်းရူပဗေဒပညာရှင် ရစ်ချက်ဖိုင်းန်မန်း (Richard Feynman) ကို အစွဲပြုပြီး Foresight ဖောင်ဒေးရှင်းက ပေးအပ်တဲ့ ဖိုင်းန်မန်းဆုကို အသုံးချသိပ္ပံကဏ္ဍ (Experimental category) အတွက် ရရှိခဲ့တာပါ။ ဖိုင်းန်မန်းဆုနဲ့ နိုဘယ်ဆုက နာနိုနည်းပညာနယ်ပယ်မှာ ဆက်နွယ်မှု ရှိပြီး ဖိုင်းန်မန်းဆုရရှိသူတွေဟာ အနာဂတ်မှာ နိုဘယ်ဆု ချီးမြှင့်ခံရတဲ့ ဓလေ့ထုံးစံ ရှိပါတယ်။ ဥပမာ၊ ၂၀၀၇ မှာ ဖိုင်းန်မန်းရတဲ့ ဆာ ဖရေဆာ စတော့တဒ် (Sir Fraser Stoddart) တစ်ယောက် ၂၀၁၆ ခုနှစ်မှာ နိုဘယ်ဆု ရခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ ဖိုင်းန်မန်းရတဲ့ ဒေးဗစ် ဘိတ်ခါ (David Baker) ဟာလဲ ၂၀၂၄ မှာ နိုဘယ်ဆု ရခဲ့တာပါ။

“ဒီတော့ လယ်ဗယ်အနေနဲ့ ပြောမယ်ဆိုရင် Feynman Prize က Winners တွေက ထုံးစံအတိုင်း တော်တော်များများ နိုဘယ်ဆု ရကြတာပေါ့နော်။ ဥပမာ၊ ၂၀၂၄ ဓာတုဗေဒနိုဘယ်ဆုရှင်ဆိုရင် အရင်တုန်းက Feynman Prize Winner ပဲ။ နောက် ပရော်ဖက်ဆာတစ်ယောက်ကလဲ အဲလိုပဲ။ Feynman Prize Winner။ Falling Walls က winner တချို့လဲ နိုဘယ်ဆု ရကြတယ် နောက်ပိုင်းတော့။ ဆိုတော့ အဲဒီဆုနှစ်ခုလုံးကတော့ Very Prestigious ဖြစ် (ဂုဏ်သိက္ခာအလွန်ကြီးမား) တဲ့ ကမ္ဘာပေါ်က နံပါတ် ၁ တွေကို ရွေးပေးတဲ့ ဆုတွေပါ။ ၂ ခုလုံးကို ရတာတော့ တစ်ကမ္ဘာလုံးမှာ ဆရာတစ်ယောက်ပဲ ရှိတယ်။ Feynman Prize ရတဲ့သူ ရှိမယ်၊ Falling Walls မှာ အောင်မြင့်တဲ့သူ ရှိမယ်။ နှစ်ခုလုံးကို ရတာတော့ တစ်ယောက်မှ မရှိဘူး။ ဆရာတစ်ယောက်တည်းက လွဲရင်ပေါ့။ ဒါက လက်ရှိအခြေအနေပေါ့။” လို့ ဒေါက်တာစောဝေလှက အသေးစိတ် ဆက်ရှင်းပြပါတယ်။

လက်ရှိအချိန်မှာ ဒေါက်တာစောဝေလှရဲ့ ၂၀၂၃ ခုနှစ် အက်တမ်ဓာတ်မှန် သုတေသနဟာ ပညာရပ်ဆိုင်ရာ ရူပဗေဒနဲ့ ဓာတုဗေဒနယ်ပယ်ရဲ့ သမိုင်းဝင်လုပ်ဆောင်ချက်တစ်ရပ်အဖြစ် သတ်မှတ်ခံထားရပြီး နိုဘယ်ဆုလမ်းကြောင်းပေါ် ရောက်နှင့်နေနိုင်တယ်လို့ သိရပါတယ်။
September 28, 2026 100 1