တိုက်တိုချန် - ပြတင်းပေါက်က ကောင်မလေး (၂၀၂၃)
ဇာတ်လမ်းက ဒုတိယကမ္ဘာစစ် မပြီးခင်အချိန်ကာလက တကယ့်အပြင်မှာ ရှိခဲ့တဲ့ မူလတန်းကျောင်းလေးတစ်ကျောင်းနဲ့ သူများနဲ့မတူပဲ လန်းဆန်းတက်ကြွလွန်းလှတဲ့ ကလေးမလေးတစ်ယောက်ကို ဦးတည်ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ဗမာလိုဆိုရင် “တိုတ်တိုချန်” လို့ခေါ်ကြတဲ့ ဒီဇာတ်လမ်းဟာ တက်ဆုကို ကုရိုယာနဂျီ ရဲ့ သူ့ဘဝကို သူကိုယ်တိုင်ရေးထားတဲ့ အတ္ထုပ္ပတ္တိစာအုပ်လေးကို အခြေခံထားတာဖြစ်ပါတယ်။ တိုတ်တိုချန် ဆိုတာ အရမ်းလည်ပြီး အင်မတန်ကို တက်ကြွရွှင်မြူးတဲ့ ကလေးမလေးတစ်ယောက်ပါ။ အမြင်ကပ်စရာလည်း ကောင်းသလို ချစ်စရာလည်း ကောင်းနေပြန်ပေါ့။ ဒါပေမဲ့ တိုတ်တို ရဲ့ မေမေကတော့ ခေါင်းခဲနေပါတယ်။ ဘာလို့လဲဆိုတော့ တိုတ်တိုချန် တစ်ယောက် အလည်လွန်တာရော စကားတတ်တာရောကြောင့် ဘယ်ကျောင်းမှ သူ့ကို လက်မခံချင်ကြပါဘူး။ ဒီလိုနဲ့ တစ်နေ့ကျ တမိုအယ် မူလတန်းကျောင်း လေးကို တိုတ်တိုချန် ရောက်သွားခဲ့တယ်။ ကျောင်းအုပ်ဆရာကြီးနဲ့ သူများနဲ့မတူညီတဲ့ ချည်းကပ်တဲ့ပုံစံတွေ၊ အတန်းထဲက ကျောင်းသားကျောင်းသူတွေရဲ့ ထူးခြားဆန်းပြားတဲ့ အကျင့်စရိုက်လေးတွေ၊ တမိုအယ် စာသင်ကျောင်း လေးရဲ့ တစ်မျိုးတစ်မည် ကွဲထွက်နေတဲ့ သင်ကြားရေးနည်းစနစ်တွေကြောင့် တိုတ်တိုချန် တစ်ယောက် ဒီကျောင်းလေးမှာ မြဲပြီး ကျောင်းပျော်လေးဖြစ်လာတဲ့အကြောင်းကို ကြည့်ရမှာပါ။ သူငယ်ချင်းအနေနဲ့လည်း အတန်းထဲက ပိုလီယို ဖြစ်နေတဲ့ ယာဆုအာကီ ဆိုတဲ့ ကောင်လေးနဲ့ ပိုခင်မင်ပြီး နှစ်ဦးသား ဘယ်လို လက်တွဲဖေးကူပေးကြလဲဆိုတာ မြင်ရဦးမှာပါ။ ဒါတွေအပြင် ကမ္ဘာစစ်ကြီး ဖြစ်ပေါ်လာတဲ့အလျောက် ဒီကလေးတွေပတ်ဝန်းကျင်မှာ ဘယ်လို အပြောင်းအလဲတွေ ဖြစ်လာပြီး ဘယ်လို နေသားတကျဖြစ်အောင် နေကြသလဲဆိုတာကို ကလေးလေးတွေအမြင်ကနေ တင်ဆက်ပေးတာဖြစ်လို့ တွေးစရာလေးတွေလည်း ရနိုင်ပါတယ်။ နိဂုံးချုပ်ရင်တော့ ချစ်စရာလေးတွေ ကြည့်ရမယ်၊ ပြုံးပျော်ရမယ်၊ အပန်းပြေစေမယ်၊ ပညာယူစရာလည်း ရှိတယ်၊ တွေးစရာလည်း ရှိပါတယ်။ ၂ နာရီနီးပါး ကြာမြင့်ပေမဲ့ တစ်စက်မှ မပျင်းဘဲ တိုတ်တိုချန် လေးနောက်မှာ စီးမျောလိုက်ရင်း မိသားစုနဲ့ရော သူငယ်ချင်းနဲ့ရော တစ်ဦးတည်းနဲ့ရော ကြည့်ဖို့ သင့်တော်တဲ့ Underrated Anime ကားကောင်းလေး ဖြစ်ပါတယ်။
t.me/cartoonmoviesmms/3876

September 3, 2026 80 1