•••••••••••••••®•••••••••••••••
ယခု ရက်သတ္တပတ် [Aug 17 - 23, 2026] ထဲ ရန်ကုန်တိုင်းအတွင်းဖြစ်ပွားခဲ့သည့် ထူးခြားဖြစ်စဉ်များဖြစ်သည်။ ခေါင်းစဉ် ၇ ခု ခွဲ၍ ဖော်ပြထားသည်။
▪️လေတပ်စစ်ဦးစီးအရာရှိ၏ နေအိမ် ပါဆယ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရ
· အကြမ်းဖက်စစ်တပ်၏ မိတ္ထီလာလေတပ် စစ်ဦးစီးအရာရှိ ဗိုလ်မှူးစိုးသူရဝင်း၏ ရန်ကုန်မြို့ရှိ နေအိမ် ဩဂုတ်လ ၂၂ ရက် ညဘက်တွင် ပါဆယ်ဗုံးပို့ တိုက်ခိုက်ခံရကြောင်း သိရှိရသည်။ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ၁၀၇ လမ်းရှိ နေအိမ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်းဗိုလ်မှူးပိုင် ကားနှင့် အိမ်တို့ ထိခိုက်ခဲ့သည်ဟု ဆိုသည်။ အဆိုပါနေ့ ည ၆ နာရီ ၃၈ မိနစ်ခန့်တွင် တာမွေမြို့နယ်ဘက်မှ ဗုံးပေါက်ကွဲသံဟုယူဆရသည့် အသံကျယ်ကြားခဲ့ရကြောင်းလည်း သိရှိရသည်။
————
▪️စစ်တပ်၏ YMBA အတွင်းရေးမှူးများကို လူတစုမှ ဖမ်းဖို့ကြိုးစား
· ဩဂုတ်လ ၂၀ ရက် နေ့လည် ၁ နာရီခန့်တွင် ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ ရွှေတိဂုံဘုရားအနီး၊ YMBA ရုံးခန်း၌ YMBA ဗဟိုအတွင်းရေးမှူး ဦးမောင်မောင်ညွန့်၊ YMBA ရန်ကုန်တိုင်း အတွင်းရေးမှူး ဒေါ်မြတ်စုလှိုင် နှင့် အခြားလူ ၃ ဦးတို့ ရှိနေကြစဉ် အပြင်မှ လူ ၄ ဦး ရုတ်တရက်ဝင်ရောက်လာပြီး ဦးမောင်မောင်ညွန့်နှင့် ဒေါ်မြတ်စုလှိုင်တို့ကို ဖမ်းဆီးဖို့ ကြိုးစားခဲ့ကြကြောင်း စစ်တပ်လော်ဘီ မီဒီယာများမှ ဖော်ပြထားကြသည်။
ဝင်လာသည့် လူ ၄ ဦးတွင် သေနတ်ပါလာသည်။ ဝင်ဝင်လာချင်း ရုံးထဲရှိနေသည့် အခြားလူ ၃ ဦးတို့ ထွက်ပြေးသွားနိုင်ခဲ့ကြသည်။ ဦးမောင်မောင်ညွန့်ကို ရိုက်နှက် ကြိုးဖြင့်တုပ်ပြီးနောက် ဒေါ်မြတ်စုလှိုင်ကို သေနတ်ဖြင့် ခြောက်လှန်ဖမ်းခေါ်ရာ ၎င်းမှ ခုခံအော်ဟစ်၍ ရုံးဝင်းအနီးရှိလူများရောက်လာကြသဖြင့် ဝင်ဖမ်းနေသည့်လူများ ထွက်ပြေးသွားခဲ့ကြသည်ဟု ဆိုသည်။ ကနဦး ဦးမောင်မောင်ညွန့်ကားဖြင့် မောင်းပြေးဖို့ကြိုးစားသော်လည်း လူဝိုင်းလာသဖြင့် ခြေလျင်ဖြင့် ထွက်ပြေးသွားကြသည်ဟု သိရသည်။
————
▪️အဖမ်းအဆီးဖြစ်စဉ်များ
· ယခု ရက်သတ္တပတ်ထဲ မတရား ဖမ်းဆီးခံခဲ့ရသူတို့အနက် မြို့နယ် ၃ မြို့နယ် မှ လူ ၅ ဦး၏ ဖြစ်စဉ်ကို သိရှိလိုက်ရသည်။ လှည်းကူး၊ အင်းစိန်နှင့် လှိုင်သာယာမြို့နယ်တို့ဖြစ်သည်။
· Tik Tok ပေါ် စစ်တပ်ကို ဝေဖန်လို့ဆိုပြီး ဖမ်းဆီးခံရသူ ၁ ဦး၊ စစ်ဆေးရေးဂိတ်၌ မှတ်ပုံတင်စစ်ခံရပြီးဖမ်းခံရသူ ၂ ဦး၊ လမ်းပေါ်သွားလာနေစဉ် ရမ်းသမ်းဆွဲဖမ်းခံရသူ ၂ ဦး တို့ဖြစ်သည်။
· ထို့ပြင် ဩဂုတ်လ ၁၄ ရက်နေ့ကလည်း လူငယ် ၃ ဦး လှိုင်သာယာမြို့နယ်ရှိ ဖိနပ်ချုပ်စက်ရုံတခုမှ အလုပ်ဆင်းပြီး အိမ်အပြန်တွင် ပေါ်တာဆွဲဖမ်းဆီးခံခဲ့ကြရသည်။
————
▪️စမ်းချောင်း ရပ်ကွက်အုပ်ကြီးများကို စစ်တပ်က စစ်ကြောနေ
· စမ်းချောင်းမြို့နယ်၏ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၇ ယောက်ကို စစ်တပ် စရဖက ဖမ်းဆီးပြီး စစ်ကြောနေကြောင်း သိရှိရသည်။ ဝေဠုဝန်မြောက်၊ ဝေဠုဝန်တောင်၊ မုန့်မြောက်၊ မုန့်တောင်၊ သံတံတား၊ လင်းလွန်းမြောက်၊ လင်းလွန်းတောင် ရပ်ကွက်တို့မှ အုပ်ကြီးများကို ရေကြည်အိုင်စစ်ကြောရေး နှင့် ကုန်းမြင့်သာစစ်ကြောရေးစခန်းများ၌ စစ်ဆေးနေခြင်းဖြစ်သည်။ ၎င်းတို့နှင့်ပတ်သက်သည့် EPC မန်နေဂျာ၊ စာရေးမ နှင့် ကန်ထရိုက်တာ ၁ ဦးတို့လည်း စစ်ကြောခံနေရသည်ဟု သိရသည်။
စည်ပင်၏ ခွင့်ပြုချက်မရှိပဲ လာဘ်စားကာ အဆောက်အဦးများ ဆောက်လုပ်ထားသည့်ကိစ္စဖြင့် စစ်ကြောနေသည်ဟု ဆိုသည်။ ထိုသို့ဆောက်လုပ်ထားသည့် အဆောက်အဦး စုစုပေါင်း ၃၂ လုံးခန့် ရှိပြီး တချို့အဆောက်အဦးတို့တွင် 'ခွင့်ပြုချက်မရှိပဲ ဆောက်ထား၍ နေထိုင်ခွင့်မရှိ'ဟုဆိုကာ စည်ပင်က သတိပေးစာများ လိုက်ကပ်ထားသည်။
————
▪️ရဲတပ်ရင်းများမှ ရဲများကို ရှေ့တန်းဒေသများသို့ ပို့
· ရန်ကုန်ရှိ ရဲတပ်ရင်း ၆ ရင်းမှ ရဲများကို ဩဂုတ်လ ၁ ရက်နေ့မှစပြီး ရှေ့တန်းစစ်မြေပြင်ဒေသများသို့ ပို့ဆောင်နေကြောင်း MPA မှ သိရှိရသည်။ ခရိုင်နှင့် မြို့နယ် ရဲများကို ဘဏ်နှင့် ဌာနဆိုင်ရာ လုံခြုံရေးယူခိုင်းထားပြီး အင်အားမလောက်၍ ရဲသတင်းပေးများကိုပါ ခေါ်ထားပြီး အင်အားပြထားရကြောင်းလည်း သိရသည်။
————
▪️အလုပ်သမားအခွင့်အရေး လှုပ်ရှားမှု
· အရှေ့ဒဂုံမြို့နယ်၊ Myanmar Silver Spring Enterprises အထည်ချုပ်စက်ရုံ၌ လုပ်ခလစာတိုးမြှင့်ပေးဖို့ တောင်းဆိုဆန္ဒပြနေကြသည့် အလုပ်သမားများကို ဩဂုတ်လ ၁၄ ရက်နေ့တွင် စက်ရုံမန်နေဂျာက အကြမ်းဖက်ရဲများခေါ်ပြီး ပေါ်တာဆွဲဖမ်းခိုင်းလိုက်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရှိရသည်။ 'လုပ်ချင်လုပ်၊ မလုပ်နိုင်ရင်ထွက်' ဟုလည်း ၎င်းက ပြောခဲ့သည်။ အလုပ်သမား ၇၀၀ ကျော်က ဩဂုတ်လ ၁၃ ရက်နေ့မှစတင်ကာ တောင်းဆိုဆန္ဒပြနေကြခြင်းဖြစ်သည်။
————
▪️ဧည့်စစ်လူရှာဖြစ်စဉ်များ
· ယခု သီတင်းပတ်အတွင်း ဧည့်စစ်လူရှာဖြစ်စဉ်များအနက် ကမာရွတ်၊ အလုံနှင့် လှိုင်သာယာမြို့နယ်တို့ထဲ ဝင်သွားခဲ့သည်ကို သိရှိခဲ့ရသည်။
24 Aug 2026
#RangoonScoutNetwork #YGN_weekly




