လေးမျက်နှာမြို့ ရေလွှမ်းမိုးခံရမှု တစ်ပတ်ပြည့်ချိန် ပတ်ဝန်းကျင် ၆ ရွာ ရေထပ်တိုး၊ ရေဘေးသင့်သူ ၃ သောင်းကျော်ရှိလာ
ဩဂုတ်၊ ၅ ရက်
ငဝန်မြစ်ရေကာတာ ပေ ၁၂၀ ကျော် ကျိုးပဲ့သွားမှုကြောင့် လေးမျက်နှာမြို့ ရေလွှမ်းမိုးခံနေရတာ တစ်ပတ်ကျော် ကြာမြင့်လာပြီဖြစ်ပြီး ယခုအချိန်ထိ ရေထပ်မံ တိုးနေဆဲဖြစ်ရာ ပတ်ဝန်းကျင်ကျေးရွာ ခြောက်ရွာ ထပ်မံ ရေလွှမ်းမိုးခံရသဖြင့် ရေဘေးသင့်ပြည်သူ သုံးသောင်း(၃၀,၀၀၀)ကျော် ရှိလာပြီဖြစ်တယ်လို့ ရွေးတုအစိုးရထံမှ သိရပါတယ်။
လေးမျက်နှာမြို့ရှိ ရပ်ကွက် ငါးခု အပါအဝင် ကျေးရွာ ၅၇ ရွာ ရေလွှမ်းမိုးခံနေရပြီး ဩဂုတ် ၄ ရက်က ၅၁ ရွာ၊ ဩဂုတ် ၂ ရက်က ၄၅ ရွာ ရေဝင်ရောက်ခဲ့ပြီး ဒီကနေ့ ဩဂုတ် ၅ ရက်မှာ ရေကြီးတဲ့ ကျေးရွာအရေအတွက် ထပ်တိုးလာခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ မြို့ပေါ် ငါးရပ်ကွက်နဲ့ ကျေးရွာ ၁၀၆ ရွာတို့မှ အိမ်ခြေ ၇,၇၃၄ လုံး၊ အိမ်ထောင်စု ၇,၈၅၈ စုနဲ့ လူဦးရေ ၃၂,၆၀၇ ဦး ရေဘေးသင့်နေတယ်လို့ ရွေးတုအစိုးရက ဆိုထားပါတယ်။
ဒါ့အပြင် တာကျိုးနေတဲ့ နေရာနှစ်ခုကို ရေဝင်ရောက်မှု တားဆီးနိုင်ရန် ပန်းတာ လက်ယာဘက်နဲ့ လက်ဝဲဘက်များမှာ တုတ်တန်းရိုက်ခြင်း၊ ရေလမ်းကြောင်းထိန်း တုတ်တန်းရိုက်ခြင်းနဲ့ ရေလမ်း ပိတ်ဆို့ခြင်းများ ပြုလုပ်ကာ ပြုပြင်နေတယ်လို့ သိရပါတယ်။
လေးမျက်နှာမြို့မှ ရေကြီးရေလျှံမှုဟာ အိုင်သပြုကျေးရွာသို့ တစ်ရက်အကြာမှာ ပျံ့နှံ့သွားသော်လည်း လက်ရှိအချိန်ထိ ငါးသိုင်းချောင်းမြို့ပေါ်သို့ ရေရောက်ရှိခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရပါတယ်။
"ငါးသိုင်းချောင်းမြို့ပေါ် ရေမရောက်သေးဘူး။ လိုင်းပေါ်မှာတော့ ရေကြီးနေပြီ။ တာတွေရှိတော့ တာရေကျော်မှာစိုးလို့ ရေတိုင်းတာ ခဏခဏ လုပ်ကြတယ်။ ရေက လက်လေးလုံးစီ တိုးလာတာရှိတယ်။ တာပြီးရင် ကားလမ်းမကြီးရှိတော့ မြို့ထဲ ရေမဝင်သေးဘူး။ ကံကောင်းတာက လေးမျက်နှာ တာကျိုးကတည်းက မိုးမရွာဘူး။ ရေဆက်တက်၊ မတက် စောင့်ကြည့်ရမယ်"လို့ ငါးသိုင်းချောင်း မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
လေးမျက်နှာမြို့ ရေလွှမ်းမိုးမှုခံရတာ တစ်ပတ်ကျော် ကြာမြင့်လာပြီဖြစ်တာကြောင့် ရေဘေးသင့်သူများအတွက် ကူညီကယ်ဆယ်ရေးနဲ့ စားနပ်ရိက္ခာ ထောက်ပံ့ပေးမှုများ အရေးပေါ် လိုအပ်နေပြီး ရေပြန်ကျသွားပါကလည်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ကူညီပေးဖို့ လိုအပ်မှာဖြစ်တယ်လို့ လူမှုကူညီရေးအသင်းများထံမှ သိရပါတယ်။
လက်ရှိ လေးမျက်နှာမြို့ရှိ ငဝန်မြစ်ရေဟာ ရေအမှတ် ၂ ဒသမ ၄ လက်မခွဲခန့် ပြန်လည် လျော့ကျလာပြီလို့ ရွေးတုအစိုးရထံမှ သိရပါတယ်။
ဒါ့အပြင် လေးမျက်နှာ-အိုင်သပြု-ငါးသိုင်းချောင်းလမ်း မိုင်တိုင်အမှတ် ၅ မိုင်နဲ့ ၅ မိုင် ၁ ဖာလုံကြားရှိ ရေစီးနဲ့အတူ ကျိုးပဲ့သွားတဲ့ ကရင်လက်သမားတံတားကို ယာယီ ဘေလီတံတား ထိုးပြီးစီးသွားပြီ ဖြစ်ကြောင်း ဧရာဝတီတိုင်း ရွေးတုအစိုးရထံမှ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက် ညဦးပိုင်းက လေးမျက်နှာမြို့ရှိ ငဝန်မြစ်ရေကာတာ ပေ ၂၀ နဲ့ ပေ ၉၀ နှစ်နေရာ ကျိုးကျသွားခဲ့သဖြင့် ဇူလိုင် ၃၁ ရက်မှစတင် ရေဝင်ရောက်ကာ လေးမျက်နှာမြို့အပါအဝင် အနီးပတ်ဝန်းကျင် ကျေးရွာများ ရေလွှမ်းမိုးခံခဲ့ရတာ ဖြစ်ပါတယ်။
ဓာတ်ပုံ - ရွေးတုအစိုးရ၊ လူမှုကွန်ရက်
#ငဝန်မြစ်ရေကာတာကျိုး #လေးမျက်နှာမြို့ရေလွှမ်း #ရွာ၅၀ကျော်ရေကြီးရေလျှံ
BMC ရဲ့ အောက်ပါ Telegram channel မှာလည်း သတင်းတွေကို ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။
Telegram - https://t.me/bmcburma
Source - Ayeyarwaddy Times
#BMC
Ayeyarwaddy Times သတင်းဌာနဟာ မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့်တိုင်းအသီးသီးမှ ဒေသအခြေပြုသတင်းမီဒီယာ (၉)ဖွဲ့နဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ Burma Media Consortium - BMC ရဲ့ မိတ်ဖက်သတင်းမီဒီယာတွေထဲက တခုအပါအဝင် ဖြစ်ပါတယ်။
ဒီအစီအစဉ်ဟာ BMC အဖွဲ့ဝင်တွေ ပူးပေါင်းထုတ်လုပ်နေတဲ့ နေ့စဉ် သတင်းအစီအစဉ် ဖြစ်ပါတယ်။