အာရက္ခမိဖပြည်သူများအနီဖြင့် အချေများအား လိင်ပိုင်းဆိုင်ရာအန္တရာယ်မှ ကာကွယ်နိုင်ရီး အထူးဂရုစိုက် ဆုံးမထိန်းကျောင်းပီးကတ်ရန် ဒီလပ်တိုက်တွန်း
APM၊ စပ်တမ်ဘာ ၂ / ၂၀၂၆
အာရက္ခပြည်အတွင်း အချေများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနန့် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှု မှုခင်းများ မဖြစ်ပွားစီရီးအတွက် မိဖနန့် အုပ်ထိန်းသူများအနီဖြင့် ကရို့အချေများကို သတိလက်လွတ်မထားဘဲ သတိနန့်ဂရုတစိုက် စောင့်ယှောက်ထိန်းကျောင်းပီးကတ်ရန် အာရက္ခမှုခင်းနန့်ဆက်စပ်သတင်းများ ထုတ်ပြန်ရီးအဖွဲ့မှ စပ်တမ်ဘာ (၂) ရက်နိ ထုတ်ပြန်ချက်၌ တိုက်တွန်းထားသည်။
ထုတ်ပြန်ချက်အတွင်း "အချေများအပေါ် ကျူးလွန်သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနန့် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှု မှုခင်းများသည် ဥပဒေအရ အလွန်ပြင်းထန်သော မှုခင်းဖြစ်စဉ်များဖြစ်ပြီး အသက် (၈) နှစ်နန့် (၁၄) အရွယ် အချေများသည် အရွယ်မရောက်သိမ့်သူများ ဖြစ်သဖြင့် အချေများအား အပြစ်တင်ခြင်းမပြုဘဲ ကာကွယ်စောင့်ယှောက်ခြင်းကိုသာ ဦးစားပီး ဆုံးမထိန်းကျောင်းပီးရမည်"ဟု ဖော်ပြထားသည်။
ယင်းသို့သော မှုခင်းများ ဖြစ်ပွားရခြင်းမာ အချေများအပေါ် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်လိုသည့် စိတ်သဘောထားဟိခြင်း၊ အာဏာ၊ အသက်အရွယ်နန့် ယုံကြည်မှုကို အလွဲသုံးစားပြုခြင်း၊ အချေများ၏ မသိနားမလည်မှုကို အသုံးချခြင်း၊ ဖေသာ၊ မုန့်၊ လက်ဆောင်စသည့် အရာများဖြင့် ဖြားယောင်းခြင်းနန့် မိဖလူကြီးများ မစောင့်ကြည့်နိုင်သည့် အခြေအနီကို အခွင့်ကောင်းယူကာ ကျူးလွန်ကတ်ခြင်းများ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆိုသည်။
ယင်းကြောင့် မိဖ/အုပ်ထိန်းသူများအနီဖြင့် ကရို့အချေများကို ရပ်ရွာများ၊ စစ်ယှောင်စခန်းများနန့် အိမ်နားပါးချင်း ဆက်ဆံရီးများတွင် သတိနန့်ဂရုတစိုက် စောင့်ယှောက်ကတ်ရန် လိုအပ်ပြီး ကရို့ရပ်ရွာထဲတွင် မည်သူက မည်သို့ဆိုသည်ကိုလည်း သတိထားရန် လိုအပ်ကြောင်း ဆိုသည်။
ကရို့၏ အချေများ ထိုအနားဒေအနား လားလာသည့်အခါ မောင်နှမသားချင်း အဖော်များနန့် လားလာရန် ပြောပြထားရမည်ဖြစ်ပြီး မုန့်ဝယ်ပီးမည်၊ ကဇတ်စရာများဝယ်ပီးမည်၊ ဖေသာများပီးမည်ဟု ဆိုကာ လှည့်ဖျားခေါ်ဆောင်ခြင်းများ ပြုလုပ်လာပါက လိုက်ပါမလားရန် နားလည်အောင် အသီအချာ ပြောပြထားရမည်ဟု ထုတ်ပြန်ချက်တွင် ပါဟိသည်။
မိဖများ/အုပ်ထိန်းသူများအနီဖြင့် ကရို့သားသမီးများအား သူရို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းထဲမှ သီးသန့်ဆန်သည့် နီရာများကို မည်သူကိုမဆို ထိတွိကိုင်တွယ်ခွင့် မပြုရကြောင်း အချေများ နားလည်လွယ်သည့် ရိုးယှင်းသည့် ပုံစံများဖြင့် ပြောပြထားရမည်ဖြစ်သည်။
ယင်းပြင် အချေသူငယ်များနန့် မိဖ/အုပ်ထိန်းသူများကြားတွင် လျှို့ဝှက်ချက်များ မထားရ ဆိုသည့် ယုံကြည်မှုဆက်ဆံရီးကို တည်ဆောက်ထားရန် လိုအပ်ပြီး တစုံတဦးက အချေကို ထူးထူးဆန်းဆန်း ထိတွိကိုင်တွယ်ခြင်း၊ ကျူးလွန်ခြင်းလုပ်ပြီး လျှို့ဝှက်ထားရန် လှည့်ဖြားခြင်းဖြစ်စီ၊ ခြိမ်းခြောက်ခြင်းဖြစ်စီ ပြုလုပ်လာပါက မိဖ/အုပ်ထိန်းသူအား ချက်ချင်းပြန်ပြောပြရမည်ကို အချေများ နားဝင်အောင် သင်ပီးထားရမည်ဟု ထုတ်ပြန်ချက်က တိုက်တွန်းထားသည်။
အလားတူ ရပ်ရွာနန့် စာသင်ကျောင်းများတွင်လည်း အချေများ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနန့် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှု မှုခင်းများ မဖြစ်ပွားစီရီး အသိပညာပီးဟောပြောပွဲများ ပြုလုပ်ရန်၊ မိဖနန့် သားသမီးများကြား လိင်မှုဆိုင်ရာကိစ္စများကို ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးရန်နန့် ပြစ်မှုကျူးလွန်သူများအား ထိရောက်သောပြစ်ဒဏ်ရဟိရီး ဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။
Photo- Justice for Arakan
6
4September 2, 2026 865 2