🇲🇲 Truth Zone Online 🇲🇲: post #35717 — TG.ME

တနင်္သာရီတိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးကျင်းပ

စက်တင်ဘာ ၃


တနင်္သာရီတိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့သည်။

အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဝန်ကြီးချုပ်က မြေယာစီမံခန့်ခွဲမှုလုပ်ငန်းများကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျဆောင်ရွက်ရန်၊ မြေယာများကို နိုင်ငံတော်နှင့် ဒေသအကျိုးအတွက် ထိရောက်စွာအသုံးချရန်နှင့် တောင်သူလယ်သမားများ၊ ဒေသခံပြည်သူများ၏ အကျိုးစီးပွားကို ကာကွယ်ပေးရန် အရေးကြီးကြောင်း ပြောကြားသည်။

ထို့ပြင် မြေယာအသုံးချမှုများကို ဒေသတစ်ခုလုံး၏ စိုက်ပျိုးရေးဖွံ့ဖြိုးမှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု၊ အခြေခံအဆောက်အအုံနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုတို့နှင့် ချိတ်ဆက်စဉ်းစားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးနှင့် မသက်ဆိုင်ဘဲ မြေနေရာကောင်းမှု၊ ဈေးနှုန်းမြှင့်တင်လိုမှု သို့မဟုတ် နေရာဦးလိုမှုတို့အပေါ် အခြေခံ၍ အခြားနည်းသုံးစွဲခွင့် လျှောက်ထားလာမှုများ မရှိစေရေး ကြပ်မတ်စိစစ်ရန် မှာကြားခဲ့သည်။

လယ်ယာမြေများ စီမံခန့်ခွဲရာတွင် တောင်သူများ၏ လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် ဥပဒေအရရရှိထားသည့် အခွင့်အရေးများ ထိခိုက်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန်နှင့် မြေယာနှင့်ပတ်သက်၍ ပြည်သူများ၏ တိုင်ကြားစာများ၊ အငြင်းပွားမှုများနှင့် လယ်ယာမြေသုံးစွဲမှုဆိုင်ရာ အခက်အခဲများကို ဥပဒေနှင့်အညီ မှန်ကန်မြန်ဆန်စွာ စိစစ်ဖြေရှင်းပေးရန်လည်း မှာကြားခဲ့ကြောင်း သိရသည်။

TruthZoneOnline
❤21👍8👏2💯2