ကိုယ့်ကိုယ်ကိုယ် "တရားဝင်အစိုးရ" ဟု နိုင်ငံတကာသို့ အာပေါက်မတတ် ပြောဆိုနေကြသည့် အရေခြုံအသွင်ပြောင်းအစိုးရတုကလည်း ၎င်းရက်စက်ယုတ်မာမှုများအပေါ် အသံတစ်ချက်မျှ မထွက်ခဲ့ကြသလို တာဝန်ယူမှု၊ တာဝန်ခံမှုဆိုသည်ကလည်း ယခုခေတ်တွင် မမျှော်လင့်သင့်တော့သည့် အရာတစ်ခု ဖြစ်လာခဲ့ပေပြီ။
တစ်ဖက်တွင်လည်း တိုင်းပြည်၏ နေရာအတော်များများ ရေဘေးအကြီးအကျယ် ကြုံနေရချိန်၌ ကယ်ဆယ်ကူညီဖို့နေနေသာသာ ရေဘေးသင့်ဒေသများကို အပြေးအလွှား ဗုံးကြဲခဲ့ပါသေးသည်။
ဤ၍ဤမျှ အောက်တန်းကျစွာသော ယုတ်မာရက်စက်မှုများ၏ ခေါင်းကိုင်ဖခင်တဖြစ်လည်း ကိုယ့်ကိုယ်ကိုယ် သမ္မတဟု ခေါ်နေသူကတော့ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှုထက် သူ၏ နိုင်ငံတကာတရားဝင်မှု ရှာပုံတော်ကသာ ပို၍အရေးကြီးနေကြောင်း အရှက်မဲ့စွာ ပြုမူပြနေဆဲ။
မကောင်းသော အတွင်းစိတ်ရှိသူ၊ ယုတ်မာသော စရိုက်လက္ခဏာရှိသူများ အုပ်စိုးသည့် တိုင်းပြည်မို့ ဒုစရိုက်တရားများ လွတ်လပ်လာကြပြီး သုစရိုက်တရားများ အကျဉ်းကျ၊ ဖိနှိပ်ခံနေကြရသည့် လက္ခဏာဟု ဆိုရမည်ပင်။
စစ်အာဏာရှင်တို့၏ အမိုက်မှောင်စက်ကွင်းသည် ယခုအခါ တိုင်းရင်းသားဒေသများသာမက မြို့လယ်ကောင်မှ လူထုကိုလည်း ချမ်းသာမပေးတော့သလို၊ မြေပြန့်ဒေသက ကျေးဇူးရှင် လယ်ကွင်းများကိုလည်း ဒုက္ခပေးရန် မမေ့ခဲ့ပေ။
တချိန်က လွတ်လပ်အေးချမ်းမှု၏ ပြယုဂ်ဖြစ်ခဲ့သည့် လယ်စောင့်တဲကလေးများသည် ယခုတော့ လွတ်လပ်မှု၊ လုံခြုံမှုနှင့် အေးချမ်းမှု၏ သင်္ကေတများကို စွန့်လွှတ်ခဲ့ရရှာလေပြီ။
ကောင်းကင်ပေါ်က လေယာဉ်ဗုံး ကျလာမည်ကို ကြောက်ရသလို၊ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်သားများ၏ ရန်ကိုလည်း ကြောက်လန့်နေရ၏။
တောင်သူယာခုတ်များ၊ အရပ်သားပြည်သူများ၊ လယ်သမားများသည် အကြမ်းဖက်စစ်သားများ၏ ရန်မှ လွတ်စိမ့်သောငှာ တောတောင်များထဲတွင် မိသားစုလိုက် မိုးထဲရေထဲ ဆင်းရဲကြီးစွာ ပုန်းရှောင်နေကြရသည်။ တချို့ကတော့ နီးစပ်ရာ တဖက်နိုင်ငံထဲသို့ ရသည့်နည်းလမ်းဖြင့် ထွက်ပြေးတိမ်းရှောင်နေကြ၏။
လူသူကင်းမဲ့နေသော ရွာပျက်၊ မြို့ပျက်များနှင့်တကွ စိုက်ပျိုးထွန်ယက်သူမရှိသော လယ်ကွင်းများထဲမှ လယ်စောင့်တဲကလေးများသည်လည်း ဗုံးဒဏ်၊ မီးရှို့ဒဏ်၊ လူယက်ဖျက်ဆီးခံရမှု ဒဏ်တို့ကြောင့် ပြိုပျက်ကာ ခြေတံငုတ်တိုကလေးများဖြင့် တစပြင်သဖွယ် ကျန်ရစ်နေကြ၏။
တချို့ဒေသရှိ လယ်သမားများကတော့ လယ်စောင့်တဲကလေးများကို မမြင်ကွယ်ရာတွင် ခြေတံတိုတိုဖြင့် ကုပ်ကုပ်ရုပ်ရုပ် ဆောက်လုပ် ပုန်းခိုရင်း စိုးတထိတ်ထိတ် နေရရှာ၏။
“လယ်စောင့်တဲကလေး ခြေတံတို၊ မိုးကုတ်အောက်မှာပြို”ရင်း နှလုံးသားတွေ ငိုနေရသည့် ခေတ်ပေမို့ ဆရာကြီးမင်းသုဝဏ်ကို အားနာမိပါဘိ။
[ဖော်ပြပါ ဆောင်းပါးအား တော်လှန်ရေးအားကောင်းခိုင်မာစေရန်နှင့် ပြည်သူအများကြား အတွေးအမြင် ရှုထောင့်စုံ ထိတွေ့သုံးသပ်နိုင်စေရန် ရည်ရွယ်၍ ကဏ္ဍတစ်ခုအနေဖြင့် ရွေးချယ်၊ တည်းဖြတ်၊ တင်ဆက်ပေးခြင်းဖြစ်ပါသည်။ ဆောင်းပါး၏ အာဘော်သည် စာရေးသူ၏ ကိုယ်ပိုင်ဖြစ်၍ ပြည်သူ့ပန်းတိုင်၏ အာဘော်မဟုတ်ပါ။ ဆောင်းပါးကို ဖတ်ရှုပြီး မှတ်ချက်များ ရေးသား ဆွေးနွေးနိုင်ပါသည်။]







