ဒီသမိုင်းရဲ့ဖြစ်ရပ်အစဟာ ၁၉၂၁ခုနှစ် အမေရိကန်နိုင်ငံ အိုကလာဟိုးမားပြည်နယ် တူလ်ဆာမြို့က Greenwoodဆိုတဲ့ ရပ်ကွက်လေးတစ်ခုကနေအစပြုခဲ့ပါတယ်။ ဒီရပ်ကွက်လေးမှာ လူမည်းတွေအများဆုံးနေတာကြောင့် တချို့က "Black Wall Street"လို့တောင်တင်းစားခေါ်ကြပါတယ်။ အဲဒီရပ်ကွက်နေ လူမည်းတွေဟာ စည်းလုံးကြပြီး မိမိတို့ဘဝအတွက် စီးပွားရေးတွေ၊ ကျန်းမာရေးတွေ၊ ပညာရေးတွေကအစ အချင်းချင်း ကူညိတာကြောင့် ရပ်ကွက်တစ်ခုလုံးဟာ တူလ်ဆာမြို့မှာ အချမ်းသာဆုံး ရပ်ကွက်လေးဖြစ်လာခဲ့တယ်။ နောက်ပြီး Greenwoodရပ်ကွက်နေ လူမည်းတွေဟာ ဘယ်လောက်ထိစည်းလုံးကြသလဲဆိုရရင် သူတို့ကဟာ ငွေကြေးအရ သုံးစွဲသည့် ၁ဒေါ်လာတောင်မှ ရပ်ကွက်ထဲမှာဘဲ လှည့်ပတ်သုံးနေရင်း ပြင်ပတခြားသူတွေဆီမရောက်ဘဲ အချင်းချင်းကြားမှာ လည်ပတ်နေနိုင်လောက်အောင် စီးပွားရေးက အရမ်းအားကောင်းနေခဲ့တယ်။ ဒါပေမယ့် သူတို့တွေရဲ့ ဒီအောင်မြင်မှုတွေက တခြားလူဖြူတွေရဲ့အမြင်ကို မနာလိုမှုတွေအဖြစ် ဖိတ်ခေါ်နေသလိုဖြစ်လာခဲ့တယ်။ Greenwoodရပ်ကွက်နေလူမည်းတွေအတွက် စိတ်မကောင်းစရာတစ်ခုကတော့ ၁၉၂၁ဆိုတဲ့ ကာလဟာ အမေရိကန်မှာ လူမျိုးရေးခွဲခြားမှုတွေက အထွတ်အထိပ်ကာလရောက်နေတာကြောင့် သူတို့အတွက် လုံခြုံရေးအာမခံဆိုတာ လုံးဝမရှိခဲ့ပါ။ တူလ်ဆာမြို့ကလူဖြူတွေဟာ ဒီလူမည်းတွေက ဘာလို့ငါတို့ထက်ချမ်းသာနေရတာလဲ? အောင်မြင်နေရတာလဲ? စတဲ့မနာလိုမှုတွေနဲ့ လူမည်းတွေပေါ်အငြိုးထားကာ အချိန်မရွေးပြဿနာဖြစ်ဖို့ စောင့်ကြည့်နေခဲ့ကြတယ်။
ဒီလိုနဲ့ တင်းမားနေတဲ့ကြားက ၁၉၂၁ခုနှစ် မေလ၃၁ရက်နေ့မှာ လူဖြူမိန်းကလေးတစ်ဦးနဲ့ လူမည်းလူငယ်တစ်ဦးတို့ ဖြစ်တဲ့ပြဿာနာသေးသေးလေးကို အကြောင်းပြကာ လူဖြူတွေဟာအကြမ်းဖက်သည့် လုပ်ရပ်တွေဘက်သို့ရောက်သွားပါတော့တယ်။ လူဖြူကြီးစိုးရေးသမားတွေဟာ မေလ၃၁ရက်ညဘက်မှာ လက်နက်ကိုယ်စီကိုင်ဆောင်ပြီး Greenwoodရပ်ကွက်တစ်ခုလုံးကို မွှေနှောက်ကာ လူမည်းအိမ်ခြေ၁,၂၀၀ကျော်ကို မီးရှိုးဖျက်ဆီးပစ်လိုက်ကြတယ်။ ပိုဆိုးတာက လူမည်းတွေကိုမြေပြင်ကနေ အကြမါးဖက်ခဲ့ရုံတင်မကဘဲ လေယာဉ်တွေနဲ့ ဗုံးတွေကျဲချပြီး အစုလိုက်အပြုံလိုက် အကြမ်းဖက်လိုက်ကြတယ်။ အဲဒီညမှာ အသက်ရှင်ဖို့ ကြိုးစားနေရင်း လူဖြူတွေလက်ချက်ဖြင့် သေဆုံးခဲ့ရသည့် လူမည်းဦးရေဟာ ၃၀၀နီးပါးရှိလာတယ်။ လူမည်းတွေဟာ မိမိရဲ့အသက်ကိုလုပြီး ထွက်ပြေးရတာကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားရကာ ထောင်ပေါင်းများစွာသော လူမည်းဒုက္ခသည်တွေအဖြစ် ဆောင်းရာသီမှာအေးခဲသည့်ဒဏ်များနှင့် နေစရာမရှိလောက်အောင် သူတို့ဟာလုံးဝဘဝပျက်သွားခဲ့ကြတယ်။
ဒီလောက်ရက်စက်တဲ့ အစုလိုက်အပြုံလိုက်ယုတ်မာတဲ့ ပြဿနာကြီးဟာ မကြာခင်မှာဘဲ အမေရိကန်သမ္မတအိမ်တော်သို့ ရောက်သွားခဲ့တယ်။ အမေရိကန်အစိုးရဟာ ဒီပြဿနာကိုကိုင်တွယ်ဖို့နေနေသာသာ လုံးဝနှုတ်ဆိတ်နေခဲ့တယ်။ အစိုးရပိုင် သတင်းစာတွေမှာလည် ဒီသတင်းကိုမပျံနှံစေဖို့ ဖုံးကွယ်ခဲ့ကြတယ်။ အဆိုးဆုံးက အမေရိကန်ကျောင်းသုံးသမိုင်းစာအုပ်တွေမှာ ဒီအကြောင်းကို မျိုးဆက်သစ်တွေနဲ့ ကမ္ဘာကြီးကမသိစေဖို့ အစအနတောင်မပါစေရန် စနစ်တကျဖျက်ဆီးပစ်လိုက်ကြတယ်။ အစိုးရနဲ့ တာဝန်ရှိသူတွေက တူလ်ဆာမြို့ရဲ့ အ့ဒီနေရာကို ခေတ်သစ်မျိုးဆက်တွေသတိမထားမိစေဖို့ မြေလှန်ပြီး ဘယ်သူမှ ဒီနေရာမှာ ဘာမျှမဖြစ်ခဲ့သလို အဆောက်အအုံအသစ်တွေနဲ့ အစားထိုးဖုံးကွယ်လိုက်ကြတယ်။ ဒါပေမယ့် သမိုင်းရဲ့အမှန်တရားဆိုတာ ဘယ်သူဘယ်ဝါကမှဖုံးကွယ်လို့မရနိုင်ပါ။ ဒီပြဿနာအကြောင်းကို ၂၀၀၀ပြည့်နှစ်မှာ အမေရိကန် ဖက်ဒရယ်စုံစမ်းစစ်ရေးနှင့် လူအခွင့်အရေးတက်ကြွသူများက ပြန်လည်ဖော်ထုတ်နိုင်ခဲ့ပါတယ်။
နိဂုံးချုပ်သုံးသပ်ချက်အရ ကျွန်တော်တို့လူသားတွေရဲ့ သမိုင်းဟာ လူမျိုးရေးခွဲခြားမှု၊ မနာလိုမှုနဲ့ အာဏာရဲ့မာန်မာနတွေနဲ့ပြည်နှက်နေပြီး ယင်းလူသားအချင်းချင်းတို့ဟာ ပဠိပက္ခသံသရာထဲ၌ အင်အားကြီးသူကဗဟိုပြု၍ အားနည်းသော တစ်ဖက်သားအပေါ် ယဉ်ကျေးမှုများ၊ အသက်အိုးအိမ်နှင့် သူတို့ရဲ့ ချွေးနှဲစာတွေကိုပါဘယ်လောက်အထိ ရစရာမရှိအောင် ဖျက်ဆီးပစ်နိုင်တယ်ဆိုတာကို ဒီသမိုင်းက သက်သေပြနေပါတယ်။ သမိုင်းဆိုတာ အနိုင်ရသူတွေရဲ့ အကြောင်းထိုင်ဖတ် ရေးထိုးထားတဲ့ စာရွက်သက်သက်ချည်းဘဲမဟုတ်ပဲ အတိတ်ကဖြစ်ပျက်ခဲ့တဲ့ အမှန်တရားတွေ၊ အမှောင်ဖုံးခံခဲ့ရတဲ့ လူတွေရဲ့ ဘဝကို ဖော်ထုတ်ဖို့ လေ့လာရတဲ့နယ်ပယ်တစ်ခုဖြစ်ကြောင်းဆွေးနွေးသုံးသပ်အပ်၏။
-RAIDEN KT
Historian
#Kyawthet #History #RAIDEN_KT
4
1August 9, 2026 134