"ဥယျာဉ်မှူးမိဘနဲ့ ရရှိတဲ့အသီးအပွင့်"
ဒီဘက်နိုင်ငံကို မလာခင်လေး ၂ဝဝ၈ ခုနှစ်တုန်းကပေါ့။ သတိရမိတာက ကုန်သည်ဘဝ။ ဆင်းလာတာက တောင်ကြီးက။ ကုမ္ပဏီတွေက ရန်ကုန်မှာ။ ခရီးထွက်ဖို့ ရက်မသိရသေးပေမဲ့ အင်တာဗျူးရက်ကျလာတော့ သေချာတယ် #နေရာသစ်ကိုရှာဖွေခြင်းဟာ တကယ်ဖြစ်လာတော့မယ်။ ကျွန်တော်က လူတွေကို နှုတ်ဆက်ချင်ကြသလို လူတွေကလည်း ကျွန်တော့ကို နှုတ်ဆက်ချင်ကြတယ်။
ကုမ္ပဏီတော်တော်များများက ကျွန်တော့ရဲ့ ကျေးဇူးရှင်တွေပါ။ ကုန်သည်ဘဝတုန်းက သူတို့ဆီက အကူအညီ တော်တော်ရခဲ့တယ်။ နောက်နှစ် တကယ် ကျွန်တော် ခရီးရှည်ထွက်တော့မယ်ဆိုတော့ သူတို့လည်း စိတ်ဝင်စားကြတယ်။ "ဒီ ညီညီတစ်ယောက် ဒီလုပ်ငန်းကြီးကို ထားပြီးတော့ ဘာသွားလုပ်မှာလဲပေါ့" စပ်စုကြတယ်။
ကုမ္ပဏီပိုင်ရှင်တွေက တော်တော်ချမ်းသာကြတယ်။ သူတို့သားသမီးအများစုက အင်္ဂလိပ်စကားပြောကျောင်း ထားကြတယ်၊ စင်္ကာပူမှာ ကျောင်းသွားတက်ခိုင်းတယ်၊ ခပ်ဝေးဝေးဆိုရင် သြစတေးလျမှာ၊ အင်္ဂလန်မှာ၊ အမေရိကားမှာ ကောလိပ်တက်နိုင်သူတွေ အများကြီး။
အိမ်နီးနားချင်းနိုင်ငံတွေကိုတောင် ကောင်းကောင်းမရောက်ဖူးတဲ့ တောင်ပေါ်သားလေးဟာ ကုမ္ပဏီသူဌေးတွေရဲ့ ညစာစားပွဲမှာ မျက်စိသူငယ် နားသူငယ် သူတို့ပြောပြတာကို ငေးရတဲ့ဘဝ၊ အဲဒါကို အဓိကပြောချင်တာ။
ညောင်ပင်လေးဈေးက ကုန်သည်တစ်ယောက်က သူ့သားကို သြစတေးလျပို့ပြီး Civil Engineer ဖြစ်အောင် ကျောင်းတက်ခိုင်းထားသူ(၂ဝဝ၅)။ အဲဒီခေတ်မှာ ဈေးသည်ရဲ့သားသမီးက နိုင်ငံခြားကို ကျောင်းသွားတက်တာ ခပ်ရှားရှား။ ဒါကို ရအောင်ပို့တယ်။ ကုန်လိုက်တဲ့ ပိုက်ဆံတွေ သောက်သောက်လဲ။ သူ့သားက တော်တယ်၊ ရန်ကုန် သုဝဏ္ဏမှာ အဖေဝယ်ထားတဲ့မြေကွက်မှာ သြစတေးလျမှာ သင်ခဲ့တဲ့ပညာနဲ့ အဖေ့အတွက်အိမ်ကို သူကိုယ်တိုင် အိမ်ပုံစံဆွဲပေးခဲ့တယ်။
နောက်တစ်ယောက်က အမျိုးသမီးက ညောင်ပင်လေးဈေးမှာ ဖြန့်ချီရေးဆိုင်ရှိတယ်၊ ယောက်ျားက ကုမ္ပဏီပိုင်ရှင်။ သူတို့ရဲ့ သမီးက အမေရိကားမှာ Business Management တက်ဖို့ လွှတ်လိုက်တယ်။ သမီးက ဘွဲ့ရပြီး ပြန်လာရင် သူတို့လုပ်ငန်းကို ဆက်ကိုင်ဖို့ ရည်ရွယ်ပုံရတယ်။ စီးရင် အကောင်းစား ကား၊ စားရင် အကောင်းစား အစား၊ ငွေကုန်မှာတော့ သေချာတာပေါ့။ ဒါပေမဲ့ အချိန်မတန်သေးတော့ နိုင်ငံတကာဘွဲ့ရလာပေမဲ့ ယုဇနပလာဇာမှာ Red Ruby ဆိုင်ဖွင့်ပြီး ဈေးသည်ရဲ့သားသမီးဟာ ဈေးသည်ပဲ ဖြစ်လာခဲ့တယ်(၂ဝဝ၈)။
သူတို့ ၂ ယောက်လုံးရဲ့သားသမီးတွေက ကောလိပ်ကျောင်းသား အရွယ်တွေ။ တကယ် ကလေးငယ်တွေရှိတာက တောင်ဒဂုံစက်မှုဇုံက ကုမ္ပဏီပိုင်ရှင်။
သူ့ကိုယ်ပိုင်စက်ရုံထွက် ကုန်ပစ္စည်းက ရောင်းကောင်းသလို မီတာဘောက်နဲ့ အခွံချည်းချည်းဆောက်ထားပြီး နိုင်ငံခြားကုမ္ပဏီတွေကို ငှားစားထားတာ စက်ရုံ ၅ လုံးရှိတယ်။ အမေရိကား သွားခါနီး ရန်ကုန်မှာ သူနဲ့တွေ့တော့ သူပြောပြတဲ့ စကားကို ကျွန်တော်အခုထိ မမေ့ဘူး။
"ညီညီရေ၊ အမေရိကားလို အဝေးကြီးမကြည့်နဲ့အုံး၊ ကလေးတွေကို အာစီယံနိုင်ငံတွေကို လိုက်လည်ဖို့ အရင် ခေါ်သွားကြည့်ပါလား" တဲ့။ ဒီမှာက Immediate Relative Petition နဲ့ ခေါ်ထားတဲ့ဗီဇာက လက်ထဲရောက်နေပြီ၊ သူက အမေရိကားကို မသွားဖို့ ပြောနေတုန်း။ သူပြောချင်တာက နိုင်ငံအပြင်ကို မထွက်ဖူးဘဲနဲ့ ကမ္ဘာ့အမြင် မရှိနိုင်ဘူး ဆိုတဲ့သဘော။
ဟုတ်ပါတယ်၊ အမေရိကားကို အစိမ်းသက်သက် လာခဲ့ပေမယ့် ဘဝကို အစက ပြန်စခဲ့သူပါ။ ၁ နာရီ ၈ ဒေါ်လာနဲ့ ၁ ပတ်ကို ၃၂ နာရီလုပ်ရတဲ့အလုပ် + ၁ နာရီကို ၁ဝ.၂ဝ ဒေါ်လာနဲ့ ၁ ပတ်ကို ၁၅ နာရီလုပ်ရတဲ့ = အလုပ် ၂ ခုကို တပြိုင်တည်းလုပ်ပြီး နေရာသစ်က ပစ်ချပေးတဲ့ ဇာတ်ရုပ်တစ်ခုကို ပီပီပြင်ပြင် ကပြခဲ့သူပါ။ ကုန်ကျစရိတ်နဲ့ ရှာနိုင်ငွေနဲ့က ကွက်တိ၊ ဘာမှ မပိုဘူး၊ ဘာမှ မလိုဘူး။ အပိုသုံးသမျှတော့ တောင်ကြီးက ပါလာတဲ့ငွေတွေထဲက နှိုက်သုံးခဲ့ရတာပေါ့။
ပြောချင်တာက ဝင်ငွေကောင်းတဲ့ မြန်မြန်နိုင်ငံက ကုန်သည်သူဌေးတွေက အဲဒီခေတ် ဒေါ်လာ သိန်းချီကုန်ပြီး သားသမီးကို နိုင်ငံခြားပို့ ကျောင်းထားကြတယ်(၂ဝဝ၄-၂ဝဝ၈)။ ချမ်းသာတယ်ဆိုပေမဲ့ ကျောင်း ၄ နှစ်ပြီးသွားသူက ဒေါ်လာ ၂ သိန်းလောက် သုံးသွားတာ။ ဒီငွေနဲ့ဆိုရင် ၂ဝ၁ဝ မှာ ပင်လယ်အော်ဒေသမှာ အိပ်ခန်း ၂ ခန်းပါ အိမ်တစ်လုံးကို လက်ငင်းချဝယ်လို့ရတယ်။ ဒါပေမဲ့ သူတို့သားသမီးတွေရဲ့ ပညာရေးအတွက် ဖြစ်အောင်သုံးခဲ့တယ်။
ဒါကတော့ ကျွန်တော်နဲ့ တူတယ်။ ကလေးကျောင်းပညာရေးသည်သာ အဓိက၊ ငွေရှာရေးသည် နောက်မှ။ နယ်မြေသစ်တို့ရဲ့ ကလီကျီစယ်မှုတို့ရဲ့ ထုံးစံအတိုင်း ရောက်ခါစ ယက်ကန်ယက်ကန်နဲ့ အပိုငွေ ဘယ်လိုမှ မရှာနိုင်ဘူး။ အရင်းအတိုင်း ရှာနိုင်လိုက်၊ အိပ်ကပ်ထဲက စိုက်လိုက်နဲ့၊ တက်ကြွစွာ အမေရိကားလာချင်တဲ့စိတ်တွေဟာ ရပ်သွားခဲ့တယ်။
ဒါပေမဲ့ မရပ်တန့်တာက ကလေးတွေရဲ့အသက်တွေ။ မိဘက ဘယ်လောက် ချမ်းသာနေနေ၊ မိဘက ဘယ်လောက် ချွေတာနေနေ သားသမီးတွေရဲ့ အထက်တန်းကျောင်းအထိ တက်ရောက်မှုက ရပ်တန့်မသွားပါဘူး။ အမေရိကားမှာ ကလေးငယ်ကျောင်းဟာ အထက်တန်းကျောင်းအထိ ကုန်ကျစရိတ် မရှိပါဘူး။ ဒါက အဖြေပဲ။
22
8
2September 9, 2024 4.3K 2