Intern ဆင်းရင်းနဲ့ Hypothyroid လူမမာ၁ယောက် Calcium လိုအပ်နေလို့ Calcium ကြွယ်ဝတဲ့အစားအစာတွေ စားသောက်ပုံတွေကို သာမန်အရပ်သား လူမမာတွေ နားလည်အောင် အကြမ်းရေးထားတာလေး ပြန်ဝေမျှလိုက်ပါတယ်။
ကယ်လ်စီယမ်က အရိုးတွေ သန်မာဖို့၊ သွားတွေ ကျန်းမာဖို့၊ ကြွက်သားတွေ ကောင်းကောင်း အလုပ်လုပ်ဖို့နဲ့ သွေးကြောတွေ သန်စွမ်းဖို့ အတွက် အရေးကြီးပါတယ်ခင်ဗျ။
အထူးသဖြင့် ကလေးတွေ၊ အသက်ကြီးတဲ့သူတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေမှာဆိုရင် ဒီဓာတ်ကို ပိုပြီး ဂရုစိုက်ပေးရပါမယ်။
အောက်ပါ အစားအစာတွေမှာ ကယ်လ်စီယမ်ဓါတ်ကြွယ်ဝလို့ ၁နေ့တာမှာ ထည့်ပြီး စားကြည့်ပါ။
1. နို့ (နို့ရည်)
နွားနို့၊ ဆိတ်နို့လို နို့တွေမှာ ကယ်လ်စီယမ်အများကြီး ပါပါတယ်ခင်ဗျ။
တစ်နေ့ကို တစ်ခွက် (မီလီလီတာ ၂၅၀ လောက်) သောက်ပေးရင် အရိုးတွေ သန်မာဖို့ အထောက်အကူပြုပါတယ်။
နို့မသောက်ချင်ရင် နို့ရည်ထဲ ဆန်ပြုတ်ထည့်ပြီး ချက်စားလို့လည်း ရတယ်။ နို့ထမင်းလည်း စားလို့ရပါတယ်ခင်ဗျ။
2. နို့ထွက်ပစ္စည်းများ (နွားနို့ခဲ၊ ဒိန်ချဉ်)
နွားနို့ခဲက ကယ်လ်စီယမ်အများကြီး ပါတာမို့ နည်းနည်းစားရုံနဲ့ အာဟာရဓာတ်ပြည့်တယ်။
ငယ်ငယ်ကစားခဲ့သလို နွားနို့ခဲကို ထန်းလျက်ရည် လက်ဖက်စားဇွန်း ၁ဇွန်းနဲ့တွဲစားလို့ ရတယ်။ (မြို့ကြီးတွေမှာ ဒီလိုတွဲဖက်စားတာတွေ နည်းသွားပြီ)
အချိုတော့လျော့ပါ။
ခရမ်းချဥ်သီး၊ ဆီနည်းနည်း နဲ့လည်း နွားနို့ခဲချက် ချက်စားလို့ရတယ်။
ဒိန်ချဉ်ကတော့ အူလမ်းကြောင်းကိုလည်း ကျန်းမာစေပါတယ်။ သကြားနည်းနည်းထည့်ပြီး သီးစုံနဲ့တွဲစားရင် ပိုအရသာရှိတယ်။ အာဟာရပိုရတယ်ခင်ဗျ။
3. ငါးသေးသေးလေးတွေ (အရိုးပါတဲ့ ငါး)
ငါးသေးသေးလေးတွေမှာ ကယ်လ်စီယမ်အများကြီး ပါတယ်။ အရိုးကိုပါ ဝါးစားလို့ရတာမို့ ပိုကောင်းတယ်။
ဥပမာ၊ ဆားအများကြီးမပါတဲ့ ငါးခြောက်ကို ဆီနည်းနည်းနဲ့ ကြော်ပြီး ထမင်းနဲ့တွဲစားလို့ရတယ်။ ဒါမှမဟုတ် ဟင်းချိုထဲ ထည့်ချက်လည်း ရတယ်။
ငါးအသေးလေးတွေကို ဟင်းနုနွယ်ဟင်းချိုနဲ့ တွဲစားလည်း လိုက်ဖက်တယ်။
ဒါမှမဟုတ် ငါးအသေးလေးတွေနဲ့ ကြက်ဥမွှေ လုပ်စားရင်လည်း ကယ်လ်စီယမ် ၊ ကြက်ဥအနှစ်မှာ ဗီတာမင် ဒီ ပါပါတယ်။
ဒီလို ငါးသေးသေးလေးတွေကို တစ်နေ့ လက်တစ်ဆုပ်လောက် စားပေးရင် ကယ်လ်စီယမ်ဓာတ် လုံလောက်စွာ ရပါတယ်။
အရိုးကို ဝါးစားလို့ရအောင် သေချာ ချက် ပြုတ်ပြီး ကောင်းကောင်းဝါးပေးပါ။ ဒါမှ ကယ်လ်စီယမ်ကို ခန္ဓာကိုယ်က အပြည့်အဝ ရမယ်ခင်ဗျ။
4. ပဲအမျိုးမျိုး
ပဲတွေမှာ ကယ်လ်စီယမ်အပြင် ပရိုတင်းဓာတ်လည်း ပါတယ်။ အသားစားတာထက် ကျန်းမာရေးနဲ့ ပိုအဆင်ပြေတယ်။
ပဲကို ဟင်းချိုချက်တာ၊ ပဲကြာဇံ ချက်စားတာမျိုး ပြင်ဆင်လို့ရတယ်။
ဆီကို နည်းနည်းပဲ သုံးပါ။
5. အစိမ်းရောင် ဟင်းသီးဟင်းရွက်များ
ပန်းဂေါ်ဖီ၊ မုန်ညင်း၊ ဟင်းနုနွယ်၊ ကိုက်လန်လို အရွက်တွေမှာ ကယ်လ်စီယမ်တင်မကဘဲ ဗီတာမင်တွေလည်း ပါတယ်။
ဒီဟင်းရွက်တွေကို ရေနွေးနဲ့ ပြုတ်ပြီးဖြစ်ဖြစ် ဆီနည်းနည်းနဲ့ဖြစ်ဖြစ် ချက်စားလို့ရတယ်။ ဒါမှမဟုတ် ဟင်းချိုထဲ ထည့်ပြီး ချက်လည်း အဆင်ပြေတယ်။
တစ်နေ့ကို အနည်းဆုံး တစ်ခွက်စာ (လက်တစ်ဆုပ်လောက်) စားပေးပါ။
နေ့တိုင်း ဒီအစားအစာတွေထဲက တစ်မျိုး၊ နှစ်မျိုးလောက် ထည့်စားပေးပါ။ တစ်ခါတည်း အများကြီး မစားနဲ့၊ တစ်ခါပြင်စားစီ ခွဲစားရင် အူလမ်းကြောင်းက ပိုစုပ်ယူနိုင်တယ်။
ဆေးလိပ်၊ အရက်တွေ များများသောက်ရင် ကယ်လ်စီယမ်ဓာတ် ဆုံးရှုံးပါမယ်ခင်ဗျ ။
ကော်ဖီ၊ လက်ဖက်ရည် နဲ့လည်း ကယ်လ်စီယမ်ကြွယ်ဝတဲ့အစာတွေနဲ့ တွဲ မစားပါနဲ့။
ဒီလိုစားရင် အရိုးပွတာ၊ အရိုးကျိုးလွယ်တာတွေကို ကာကွယ်ပြီး ကျန်းမာသန်စွမ်းပါတယ်။ နေ့စဉ် ဂရုစိုက်စားပေးပါ ခင်ဗျာ။
Dr. Kaung Pyae Sone
Clinical Dietetics Intern
Forwarded fromKPSNutrishare
March 8, 2025 2.9K 7