မြန်မာတွေမှာရော အခြားနိုင်ငံတွေမှာပါ လက်ခံထားတတ်တဲ့ အစားအသောက်နဲ့ပတ်သက်တဲ့ အယူအဆမှားလေးတွေ ပြောပြချင်ပါတယ်။
"ညဘက်ထမင်းစားရင် ဝိတ်တက်တယ်"
"ကြက်ဥအနှစ်က ကိုလက်စထရောများတယ်"
ဒီလိုစကားမျိုး ကြားဖူးကြမယ်ထင်တယ်။ ဒါတွေက တကယ်မှန်ရဲ့လား။ ဒါမှမဟုတ် အယူအဆမှားတွေလား။ ဒီနေ့ ဒီအကြောင်းလေးတွေကို ပေါ့ပေါ့ပါးပါး ဆွေးနွေးကြည့်ရအောင်။
---
❌ညဘက်ထမင်းစားရင် ဝိတ်တက်တယ်
ဒီစကားက ဝိတ်ချနေတဲ့သူတွေကြားမှာ အရမ်းခေတ်စားတဲ့စကားပါ။ ည ၈ နာရီကျော်ရင် (တချို့က ညနေ ၅နာရီနောက်ပိုင်း) ဘာမှမစားရဘူးဆိုပြီး ခံယူထားတဲ့သူတွေ အများကြီးပဲ။
✅ဝိတ်တက်ခြင်း၊ မတက်ခြင်းက ဘယ်အချိန်စားလဲဆိုတာထက် တစ်နေ့လုံးစားလိုက်တဲ့ စုစုပေါင်းကယ်လိုရီ ပေါ်မှာပဲ မူတည်ပါတယ်။
သင်တစ်နေ့လုံး ကယ်လိုရီ ၂၀၀၀ ပဲလိုအပ်တယ်ဆိုပါစို့။ မနက်ကစပြီး ကယ်လိုရီ ၂၅၀၀ စားထားရင် ညဘက်မစားရင်တောင် ဝိတ်တက်မှာပါပဲ။ အကယ်၍ မနက်ကနေ ညနေအထိ ကယ်လိုရီ ၁၅၀၀ ပဲစားထားရင် ညဘက် ကယ်လိုရီ ၅၀၀ လောက်ထပ်စားရင်လည်း ဝိတ်မတက်ပါဘူး။
ဒါပေမယ့် သတိထားရမှာက ညဘက်ဆိုရင် အများအားဖြင့် အဆီများတဲ့အစာ၊ ချက်ချင်းစားလို့ရတဲ့အစာတွေ (ခေါက်ဆွဲခြောက်) ကို ရွေးချယ်စားသောက်တတ်တယ်။ ဒါမျိုးက ကယ်လိုရီများပြီး အာဟာရဓာတ်နည်းတတ်တယ်။
ဒါကြောင့် ညဘက်စားရင် ဝိတ်တက်တယ်ဆိုတာ မမှန်ပါဘူး။ ညဘက်စားတဲ့အစာရဲ့ အမျိုးအစားနဲ့ ပမာဏကိုပဲ သတိထားဖို့လိုတာပါ။
---
❌ကြက်ဥအနှစ်က ကိုလက်စထရောများတယ်၊ မစားသင့်ဘူး
ဒီအယူအဆက လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေက ပေါ်ခဲ့တာပါ။ အခုထိ လူတော်တော်များများက ကြက်ဥအနှစ်ကိုချန်ပြီး အကာကိုပဲစားတတ်ကြတယ်။
✅သုတေသနတွေအရ ကြက်ဥအနှစ်က သွေးထဲက ကိုလက်စထရောအဆင့်ကို သိသိသာသာ မမြင့်တက်စေဘူးဆိုတာ တွေ့ရှိရပါတယ်။ တကယ်တော့ ကြက်ဥအနှစ်မှာ အာဟာရဓာတ်တွေ အများကြီးပါဝင်ပါတယ်။
ကြက်ဥအနှစ်မှာ ပါဝင်တဲ့အရာတွေက
· ဗီတာမင် A, D, E, K
· ဗီတာမင် B12 နဲ့ Folate
· ကိုလင်း (Choline) - ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးကြီးတယ်
· ဇင့်ဓာတ်၊ ဆီလီနီယမ်ဓာတ်
· ဓာတ်တိုးဆန့်ကျင်ပစ္စည်း Lutein, Zeaxanthin စတာတွေက မျက်စိအတွက် ကောင်းတယ်။
သွေးတွင်းကိုလက်စထရောကို တကယ်မြင့်တက်စေတာက ကြက်ဥထက် ပြည့်ဝဆီ (Saturated Fat) များတဲ့အစာတွေ (အသားတွေမှာပါတဲ့ဆီ၊ ထောပတ်၊ မာဂျရင်း) နဲ့ ကြော်ထားတဲ့အစာတွေ၊ ပြုပြင်ထားတဲ့အသားတွေ (ဘေကွန်၊ ဝက်အူချောင်း) ကြောင့်ပါ။
ဒါကြောင့် ကြက်ဥတစ်လုံးလုံးကို စားသုံးခြင်းက ကျန်းမာရေးအတွက် ပိုကောင်းပါတယ်။ တစ်နေ့ကို ကြက်ဥတစ်လုံးလောက်က ကျန်းမာတဲ့လူတစ်ယောက်အတွက် လုံးဝဘေးမရှိပါဘူး။
🌠နှလုံးသွေးကြောကျဥ်းသမားတွေကတော့ အာဟာရပညာရှင်နဲ့တိုင်ပင်စားသောက်ပါခင်ဗျ။
---
❌ဆီကြော်စာတွေက လုံးဝမကောင်းဘူး
ဒါကလည်း လူအများစု ထင်နေကြတဲ့အချက်ပါ။ "ဆီကြော်စာဆိုတာနဲ့ ကျန်းမာရေးနဲ့မညီဘူး" ဆိုပြီး ချက်ချင်း ငြင်းပယ်တတ်ကြတယ်။
✅
ဆီကြော်စာတွေရဲ့ ကျန်းမာရေးနဲ့ညီမှုက အချက်သုံးချက်ပေါ်မှာ မူတည်ပါတယ်။
၁။ ကြော်တဲ့ဆီအမျိုးအစား - ပြည့်ဝဆီ (Saturated Fat) များတဲ့ဆီ (ဥပမာ စားအုန်းဆီ) နဲ့ကြော်တာက မကောင်းဘူး။ ဒါပေမယ့် သံလွင်ဆီ၊ နှမ်းဆီလို မပြည့်ဝဆီ (Unsaturated Fat) များတဲ့ဆီနဲ့ကြော်ရင် ပိုကောင်းပါတယ်။
၂။ ကြော်တဲ့အပူချိန် - ဆီကို အရမ်းပူလွန်းအောင်ကြော်ရင် ဆီက ဓာတ်ပြောင်းသွားပြီး ကင်ဆာဖြစ်စေတဲ့ဓာတ်တွေ ထွက်လာနိုင်တယ်။
၃။ ကြော်တဲ့အစားအစာ - ဟင်းသီးဟင်းရွက်ကို ဆီနဲ့ကြော်ရင် အဆီများတဲ့အသားတွေကို ကြော်တာထက် ပိုကောင်းပါတယ်။
ဒါကြောင့် ဆီကြော်စာအားလုံးက မကောင်းဘူးလို့ ပြောလို့မရပါဘူး။ ဘယ်လိုဆီနဲ့ ဘယ်လိုကြော်လဲဆိုတဲ့အပေါ်မှာပဲ မူတည်ပါတယ်။ ဒါပေမယ့် ဆီကြော်စာတွေက ကယ်လိုရီများတာတော့ အမှန်ပါပဲ။
---
❌ ချက်ပြီးသားဟင်းကို ပြန်နွှေးရင် အာဟာရဓာတ်တွေ ပျက်စီးသွားတယ်
✅အပူပေးတိုင်း အာဟာရဓာတ်တွေ ပျက်စီးတာတော့ အမှန်ပါပဲ။ ဒါပေမယ့် ပျက်စီးတဲ့ပမာဏက သိပ်ပြီးမများပါဘူး။
ဗီတာမင်စီလို ရေတွင်ပျော်ဝင်တဲ့ဗီတာမင်တွေက အပူဒဏ်ကို ခံနိုင်ရည်နည်းတယ်။ ဒါပေမယ့် ဗီတာမင် A, D, E, K လို အဆီတွင်ပျော်ဝင်တဲ့ဗီတာမင်တွေကတော့ အပူဒဏ်ကို ခံနိုင်ရည်ရှိပါတယ်။
သတိထားရမယ့်အချက်က ဟင်းကို ပြန်နွှေးတဲ့အခါ ရေနည်းနည်းထည့်ပြီး အပူချိန်အသင့်အတင့်နဲ့ပဲ နွှေးတာက အကောင်းဆုံးပါ။ မီးပြင်းပြင်းနဲ့ အိုးကပ် နွှေးရင်တော့ အာဟာရဓာတ်တွေ ပိုပျက်စီးနိုင်ပါတယ်။
ဒါကြောင့် ချက်ပြီးသားဟင်းကို ပြန်နွှေးစားရင် အာဟာရဓာတ်တွေ အကုန်ပျက်စီးသွားတယ်ဆိုတာ မမှန်ပါဘူး။ ချက်ချင်းစားတဲ့ဟင်းလောက် အာဟာရမပြည့်ပေမယ့် ပြန်နွှေးစားလို့လည်း ရပါတယ်။
---
❌သစ်သီးဖျော်ရည်က သစ်သီးလိုပဲ ကောင်းတယ်
✅သစ်သီးဖျော်ရည်နဲ့ သစ်သီးတစ်လုံးလုံးက လုံးဝမတူပါဘူး။
သစ်သီးတစ်လုံးလုံးမှာ ပါဝင်တဲ့အရာတွေ
· အမျှင်ဓာတ် (Fiber) ကြွယ်ဝစွာပါတယ်
· ဖျော်ရည်လုပ်တဲ့အခါ အမျှင်ဓာတ် အများစု ဆုံးရှုံးသွားတယ်
· ဖျော်ရည်တွေမှာ သကြားဓာတ် ထပ်ဖြည့်ထားတတ်တယ်
· သစ်သီးတစ်လုံးလုံးစားရင် ဖျော်ရည်သောက်တာထက် ဗိုက်ပြည့်တယ်