တချို့စာအုပ်တွေကို ဝေဖန်ရတာ လွယ်တယ်။ သိလွယ်၊ သဘောပေါက်လွယ်တာကိုး။ ကောင်းတဲ့အချက်လဲ မြင်လွယ်တယ်။ မကောင်းတဲ့အချက်လဲ တွေ့နိုင်တယ်။ နက်နက်နဲနဲ ရေးထားတဲ့ စာအုပ်များကိုတော့ တော်တော် ပညာခံမြင့်သူများမှ ပြည့်ပြည့်စုံစုံ အဆင့်အတန်းမီမီ ဝေဖန်နိုင်လိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကြိုးစားတဲ့အတွက် တိုးတက်မှု ရှိမှာတော့ မုချပဲ။
ကိုယ်လုပ်တဲ့ အလုပ်ကိုလည်း ကိုယ်တိုင်လေးစားမှု ရှိနေမှာပေါ့။ ဒါ့ကြောင့် ဝေဖန်တဲ့ မျက်စိနဲ့ အမြဲ သတိရှိရှိ ဖတ်ရပါမယ်။
(ဂ) စာအုပ်တအုပ်ကို ဖတ်ရတဲ့အခါ ကိုယ့်မှာ ဆိုင်ရာအကြောင်းအရာနဲ့ ပတ်သက်ပြီး အခြေခံရှိထားရင် ပိုကောင်းတယ်။
စာအုပ်တွေ အမျိုးမျိုးရှိတယ်။ ဥပမာ- ဥယျာဉ် စိုက်ပျိုးတဲ့ စာအုပ်မျိုး ဆိုပါတော့။ တချို့စာအုပ်ကတော့ စလုပ်ဖို့ စီစဉ်နေတဲ့သုဖို့ ရည်ရွယ်တယ်။ တချို့စာအုပ်ကတော့ အတွေ့အကြုံ ရှိပြီး အများကြီး ကျွမ်းကျင်နေသူများအတွက် ရည်ရွယ်တယ်။ ရေဒီယိုပြင်တဲ့ စာအုပ်၊ တပ်ဆင်တဲ့ စာအုပ်တွေဟာလဲ ဒီလိုပဲ အမျိုးမျိုး အစားစား ရှိပါတယ်။
ဒါ့ကြောင့် ကိုယ့်မှာရှိနေတဲ့ အဆင့်နဲ့ ကိုက်မယ့် စာအုပ်မျိုးကို ရွေးတတ်ဖို့ လိုပါတယ်။ ကိုယ့်မှာ အသိပညာ တိုးလာပြီး အတွေ့အကြုံ များလာတဲ့အခါတော့ ပိုမြင့်တဲ့ အကြောင်းအရာတွေ ရေးထားတဲ့ စာအုပ်များကို ဖတ်ချင်လာမှာပဲ။ ဖတ်လို့လဲ ကောင်းကောင်း သဘောပေါက် နားလည်ကြမှာပဲ။
(ဃ) ရာဖ်ဝေါ်ဒါ အီမာဆင် (Ralf Walder Emerson) ဆိုတဲ့ ပုဂ္ဂိုလ်က
ကိုယ့်မှာ ပြင်စရာရှိတာ ပြင်ဖို့ စာအုပ်ကို ဖတ်ပါ။ သိဖို့ မဖတ်ပါနဲ့' လို့ ဆိုပါတယ်။
အားနက်(စ်)ဝုဒ်(စ်) (Emest Woods) ကတော့ ပထမ စဉ်းစားပါ။ နောက်မှ ဖတ်ပါ' တဲ့။ ဥပမာအားဖြင့် အကြောင်းအရာသစ် တခုကို လေ့လာချင်တယ် ဆိုပါတော့။ ရှေးဦးဆုံး သိနှင့်ပြီးတာ၊ သိတယ်လို့ ယုံကြည်တာ၊ ဒီအကြောင်းအရာရဲ့ သဘောဟာ ဒီလိုဖြစ်လိမ့်မယ်လို့ ယူဆတာများကို အချိန် တော်တော်သင့်သင့် ပေးပြီး စဉ်းစားပါ။ ပြီးတော့မှ စာအုပ်ကို ဖတ်ပါ။ အဲဒီလို လုပ်တာဟာ ရိုးရိုး ကောက်ဖတ်လိုက်တာထက် အများကြီး စိတ်ဝင်စားစရာ ဖြစ်တယ်။ အကျိုးရှိတယ် ဆိုတာ တွေ့ရပါလိမ့်မယ်။
နှုတ်ခမ်းကိုလှုပ်ပြီး စာဖတ်တဲ့ အလေ့အထဟာ စာဖတ်နှေးစေတဲ့ အကြောင်းတခုပဲ။ ဒါ့ကြောင့် နှုတ်ခမ်းမလှုပ်ဘဲ စာဖတ်တဲ့ အလေ့ကို တမင်ကျင့်ဖို့ လိုပါတယ်။ဒီအမှားကို မပြင်ရင် စာဖတ်ရာမှာလဲ မတွင်ဘုး။ စကားပြောဖို့ တွေးခေါ် စဉ်းစားရာမှာရော ပြောရာမှာရော နှေးနေပါလိမ့်မယ်။
ဖတ်ပြီးတဲ့ အကြောင်းအရာကို ပြန်ဖတ်တဲ့ အကျင့်လဲ မကောင်းဘူး။ ရှောင်ရမယ်။ စာကြောင်းအသစ်ကို ဖတ်တဲ့အခါ ကောင်းကောင်း မမြင်ရဘူးဆိုရင် မျက်စိကုဆရာဝန်ကို ပြပါ။
ကိုယ်အနေအထား မမှန်လို့လည်း စာဖတ်မမြန်ဘဲ နှေးနေတတ်တယ်။ ဒါ့ကြောင့် မတ်မတ်ထိုင်ပြီး စာအုပ်ကို မျက်စိနဲ့ ထောင့်မှန်မှာထားပြီး ကိုင်ဖတ်ကြည့်ပါ။ အိပ်ရာထဲ လှဲဖတ်နေတာထက် တွင်တာ တွေ့ပါလိမ့်မယ်။
ဘယ်စာအုပ်ကိုမဆို အမြန်ဖတ်ရမှာချည်းပဲလို့ အသေမှတ်ထားလို့တော့ မဖြစ်ဘူး။ ခပ်ပေါ့ပေါ့ ရေးထားတဲ့ ဝတ္ထုများကို ကျောင်းသုံးစာအုပ်များ၊ ကျမ်းဂန်များ၊ ရာဇဝင်စာအုပ်များထက် အမြန်ဖတ်လို့ ရပါတယ်။ ဒါ့ကြောင့် စာဖတ်ရာမှာ မြန်တာ သုံးလေးဆင့် ထားဖို့ လိုပါတယ်။ ဘယ်စာအုပ်မျိုးကို ဘယ်လောက် မြန်မြန်ဖတ်ရမယ် ဆိုတာလဲ သိသာလာပါလိမ့်မယ်။
ရှိရမဲ့ ရည်ရွယ်ချက်ကတော့ အဆင့်တိုင်းမှာ တစတစပိုပြီး မြန်မြန်ဖတ်လာနိုင်ဖို့ ဖြစ်ရမှာပဲ။ အပြေးအလွှား အမြန်ဆုံးဖတ်နိုင်ဖို့ ဆိုတဲ့ သဘောမျိုးတော့ မဖြစ်ရဘူး။ စာမျက်နှာ ၂၄၀-လောက် ရှိတဲ့ အပျော်ဖတ် ဝတ္ထုစာအုပ်တအုပ်ကို ၃-နာရီ ၄-နာရီလောက်နဲ့ ဖတ်လို့ ပြီးသင့်တယ်။
ဒီစာမျက်နှာလောက်ပဲ ရှိတဲ့ စိတ်ပညာကျောင်းသုံး စာအုပ်တအုပ်ကိုတော့ သူ့အခန်းနဲ့သူ အချိန် ၁၀-နာရီကနေ ၁၂-နာရီလောက် ဖြန့်ဖတ်ဖို့ လိုမယ်။ အဲဒီလို ဂရုတစိုက် ဖတ်ပြီးတဲ့နောက် ဘယ်အခန်းက ဘယ်လိုပါတယ် ဆိုတာ ကျကျနန ပြောပြ ရေးပြနိုင်ရမယ်ပေါ့။
စာကောင်းကောင်း ဖတ်တတ်သူဟာ သာမန်ရိုးရိုး ဖတ်သူထက် မြန်လဲမြန်တယ်။ ပိုလဲ မှတ်မိတယ်။ ဒါ့ကြောင့် ရည်မှန်းချက်က ပိုပြီးမြန်မြန် ဖတ်နိုင်အောင်လဲ ကြိုးစားဖို့။ ဒါပေမဲ့ ဘာဖတ်နေတယ် ဆိုတာ မျက်ခြေပြတ် သွားတဲ့အထိ မြန်မြန်ကြီး မဖတ်ဖို့ ဖြစ်ရပါလိမ့်မယ်။
စာဖတ်တဲ့ ရည်ရွယ်ချက်ဟာ တစုံတခု မှတ်သားဖို့ ပညာရှာဖို့၊ ဒါမှမဟုတ် ပျော်ရွှင်ဖို့ပဲ။ ဒါ့ကြောင့် ကိုယ်နားလည်နေတာထက် ပိုမြန်ဖို့တော့ မလိုဘူး။ နှေးချင် နှေးပေစေဦးပေါ့။ ဘာမှနားမလည်ဘဲ မြန်နေလို့တော့ အလကားပဲ။ တချို့စာအုပ်တွေမှာ ရေးထားတာ တယ်မရှင်းဘူး။ ဘာဆိုလိုတယ် ဆိုတာ တော်တော်ကြာကြာ စဉ်းစားယူမှ အရိပ်အမြွက်လောက် ပေါ်တယ်။ အဲဒီလိုအကြောင်းမျိုးကြောင့်လဲ စာဖတ်နှေးရတာ ရှိပါတယ်။

