ထားဝယ်တွင် သားအိမ်ခေါင်းကင်ဆာအကြိုအဆင့် ရှာဖွေစစ်ဆေးကုသရေး… — 🇲🇲 Truth Zone Online 🇲🇲 — TG.ME

ထားဝယ်တွင် သားအိမ်ခေါင်းကင်ဆာအကြိုအဆင့် ရှာဖွေစစ်ဆေးကုသရေး ရှင်းလင်းပွဲကျင်းပ

စက်တင်ဘာ ၇

တနင်္သာရီတိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက ထားဝယ်ခရိုင်အတွင်း အသက် ၃၀ မှ ၄၉ နှစ်အတွင်း အိမ်ထောင်ရှင်အမျိုးသမီးများအတွက် သားအိမ်ခေါင်းကင်ဆာအကြိုအဆင့် ရှာဖွေစစ်ဆေးခြင်းနှင့် ကုသမှုပေးခြင်းအစီအစဉ် ရှင်းလင်းပွဲကို စက်တင်ဘာ ၇ ရက် မွန်းလွဲပိုင်းတွင် ထားဝယ်ပြည်သူ့ဆေးရုံကြီး၌ ကျင်းပသည်။ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဂျီဆိုင်းတောင်က သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့်တွင် ရှာဖွေစစ်ဆေးကုသရန် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။

သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးက အပတ်စဉ် တနင်္လာနေ့တိုင်း VIA နည်းလမ်းဖြင့် သားအိမ်ခေါင်းကင်ဆာ စစ်ဆေးခြင်းနှင့် ကုသခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်ပြီး စစ်ဆေးကုသမှုအားလုံး အခမဲ့ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ တာဝန်ရှိသူများက ကျန်းမာရေးအသိပညာများ ဖြန့်ဝေပေးနိုင်ရေးနှင့် လိုအပ်သည့် ဆေးရုံဝန်ထမ်းများ ခန့်ထားပေးနိုင်ရေး ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် မိသားစုက ဆေးရုံကြီးအတွက် အလှူငွေကျပ်သိန်း ၁၀၀၊ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့က ကျပ် ၁ သိန်း လှူဒါန်းခဲ့ပြီး အမျိုးသမီးရေးရာအဖွဲ့များက လာရောက်ကုသသူများအား စားသောက်ဖွယ်ရာနှင့် အာဟာရဖြည့်မုန့်များ ဝေငှခဲ့ကြသည်။

ထို့နောက် တာဝန်ရှိသူများက သားအိမ်ခေါင်းကင်ဆာ စစ်ဆေးနေသူများအား အားပေးနှုတ်ဆက်ကာ စစ်ဆေးကုသရေး စက်ပစ္စည်းများကို ကြည့်ရှုခဲ့ကြောင်း သိရသည်။

TruthZoneOnline
👍24❤3👏1😘1
September 8, 2026 591 1