မိတ္ထီလာတွင် အငှားယာဉ်မောင်း အမျိုးသား သေဆုံးလျက်တွေ့ရှိ၊… — 🇲🇲 Truth Zone Online 🇲🇲 — TG.ME

မိတ္ထီလာတွင် အငှားယာဉ်မောင်း အမျိုးသား သေဆုံးလျက်တွေ့ရှိ၊ ကားပျောက်ဆုံး

စက်တင်ဘာ ၆

မိတ္ထီလာမြို့နယ် အမြန်လမ်း ၂၇၉/၁ မိုင်အနီး နေပြည်တော်မှ မန္တလေးဘက်သွားလမ်းဘေး ပေ ၃၀၀ ကျော်အကွာတွင် စက်တင်ဘာ ၆ ရက် ညနေ ၅ နာရီခွဲကျော်က အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦး သေဆုံးလျက်တွေ့ရှိခဲ့ပြီး ည ၇ နာရီဝန်းကျင်တွင် မေတ္တာပါရမီပရဟိတအသင်းက သွားရောက်သယ်ဆောင်ပေးခဲ့ကြောင်း သိရသည်။ သေဆုံးသူမှာ နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် သုခတော်ဝင်အိမ်ရာနေ အငှားယာဉ်မောင်း ဦးဝင်းကို၊ အသက် ၃၄ နှစ် ဖြစ်ကြောင်း မိသားစုက ဓာတ်ပုံဖြင့် အတည်ပြုခဲ့သည်။

အလောင်းတွင် ဝဲဘက်ဦးခေါင်းဂျိုစောင်း၌ ရိုက်နှက်ခံရသည့် ဦးခေါင်းခွံကျေ၊ ပေါက်ပြဲဒဏ်ရာနှင့် ယာဘက်မျက်လုံး ညိုမဲဖူးရောင်ဒဏ်ရာများ တွေ့ရှိခဲ့သည်။ ဖြစ်စဉ်မတိုင်မီ ညနေ ၄ နာရီခွဲခန့်တွင် မိသားစုက ဦးဝင်းကို၏ဖုန်းသို့ ဆက်သွယ်ရာ အမျိုးသားတစ်ဦးက ဖုန်းကိုင်၍ မိတ္ထီလာရောက်နေကြောင်း ပြောပြီးနောက် ဖုန်းစက်ပိတ်သွားသဖြင့် မိသားစုက ရဲတပ်ဖွဲ့ထံ အကူအညီတောင်းခဲ့ကြောင်း သိရသည်။

သေဆုံးသူ မောင်းနှင်အငှားလိုက်သည့် 9Q/4825 Hyundai Accent အဖြူရောင်ကားမှာလည်း ပျောက်ဆုံးနေသဖြင့် ဦးဝင်းကိုအား ရိုက်နှက်သတ်ဖြတ်၍ ကားလုယက်ယူဆောင်သွားခြင်း ဟုတ်၊ မဟုတ်အပါအဝင် ဖြစ်စဉ်ကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိသည်။ ပျောက်ဆုံးကားကို တွေ့ရှိပါက နီးစပ်ရာရဲစခန်းသို့ အကြောင်းကြားပေးရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။

TruthZoneOnline
😢18😱8👍4🤬3🤔2🙏1
September 7, 2026 809 1