တောင်ငူခရိုင်အတွင်း MSMEs နှင့် လယ်ယာသုံးစက်ကိရိယာလုပ်ငန်းများ ဖွံ့ဖြိုးရေး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လိုအပ်ချက်များ ဖြည့်ဆည်းပေး
စက်တင်ဘာ ၃
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့နံနက်ပိုင်းက တောင်ငူမြို့ ခပေါင်းခန်းမ၌ တောင်ငူခရိုင်အတွင်းရှိ လယ်ယာသုံးစက်ကိရိယာနှင့် MSMEs လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ လုပ်ငန်းများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝန်ကြီးချုပ်က ဒေသထွက်ကုန်များကို ခေတ်မီနည်းပညာနှင့် စက်ပစ္စည်းများအသုံးပြု၍ တန်ဖိုးမြှင့်တင်ရန်၊ အရည်အသွေးကောင်းမွန်စေရန်နှင့် ပြည်တွင်း၊ ပြည်ပဈေးကွက်များတွင် ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ကော်ဖီ၊ မျှစ်၊ မှိုနှင့် ရာသီအလိုက် သစ်သီးဝလံများကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ရေး ဆောင်ရွက်ရန် မှာကြားခဲ့သည်။
လုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးခဲ့ပြီး လုပ်ငန်းရှင် ၁၂၅ ဦး၏ ဒေသထုတ်ကုန်၊ လယ်ယာသုံးစက်ကိရိယာနှင့် စားသောက်ကုန်ပြခန်းများကို ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် “သဇင်ဝါ” ကိတ်နှင့် ပေါင်မုန့်လုပ်ငန်း၊ “ဖီးနပ်” ဇီဝမီးသွေးဖိုထုတ်လုပ်ရေးလုပ်ငန်းများသို့ သွားရောက်ကြည့်ရှုကာ သီးနှံအခြောက်ခံစက်များ စမ်းသပ်ထုတ်လုပ်ရေး၊ မီးသွေးမှုန့်များကို စိုက်ပျိုးရေးသုံး Biochar အဖြစ် ပြန်လည်အသုံးပြုရေးနှင့် ထုတ်ကုန်အရည်အသွေးမြှင့်တင်ရေးအတွက် နည်းပညာရရှိစေရန် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
TruthZoneOnline
16
6
1
1September 3, 2026 529 2









