စာရေးဆရာကြီး မောင်ဆွေသက် ကွယ်လွန် အမျိုးသားစာပေတစ်သက်တာဆုရ… — 🇲🇲 Truth Zone Online 🇲🇲 — TG.ME

စာရေးဆရာကြီး မောင်ဆွေသက် ကွယ်လွန်

အမျိုးသားစာပေတစ်သက်တာဆုရ စာရေးဆရာကြီး မောင်ဆွေသက်သည် ယနေ့ညနေ ၄ နာရီခန့်က ရန်ကုန်တွင် ကွယ်လွန်သွားခဲ့သည်။

စာရေးဆရာကြီး မောင်ဆွေသက်၏ အမည်ရင်းမှာ ဦးညွန့်ဆွေဖြစ်ပြီး  အဖဦးငွေဆိုင်(စာရေးဆရာငွေစိုး)၊ အမိဒေါ်ဆင့်တို့က စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၉၃၅ ခုနှစ် အောက်တိုဘာလတွင် မွေးဖွားခဲ့သည်။

၁၉၅၄ ခုနှစ် မတ်လတွင် တပ်မတော်ဗိုလ်လောင်းအဖြစ် ဝင်ရောက်ခဲ့သည်။ ဗိုလ်လောင်းသင်တန်းကျောင်းနည်းပြမှ ဒုတိယတိုင်းမှူး အဆင့်အထိ အဆင့်ဆင့် တာဝန်များထမ်းဆောင်ခဲ့သည်။ နယ်ဘက်၊ အရပ်ဘက်တွင် ကုန်သွယ်ရေးဝန်ကြီးဌာန ဦးဆောင် ညွှန်ကြားရေးမှူး၊ ထိုင်းနှင့်စင်ကာပူနိုင်ငံတို့တွင် သံအမတ်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန တွင် ဒုတိယဝန်ကြီးအဆင့် တာဝန်များ ထမ်းဆောင်ခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။

၁၉၅၁-၁၉၅၂ ခုနှစ်တွင် ကိုယ်တွေ့ စစ်ရေးမှတ်တမ်း၊ သုတ၊ ရသ၊ လုံးချင်းဝတ္ထုများ ရေးသားခဲ့သည်။ ၁၉၅၄ ခုနှစ်မှစ၍ စာရေးခဲ့ပြီး ၁၉၇၇ ခုနှစ်မှစ၍ မြဝတီမဂ္ဂဇင်းတွင် ဝတ္ထုတိုများ ပြန်လည်ရေးသားသည်။ “မောင်ဆွေငယ်”ဟူသော ကလောင်အမည်နှင့်လည်း စာများ‌ရေးသားခဲ့သည်။

၂၀၀၂ ခုနှစ်တွင် ဒုတိယဝန်ကြီးတာဝန်မှ အငြိမ်းစားယူပြီး စာရေးခြင်းအလုပ်ကိုသာဆက်တိုက်လုပ်ခဲ့သည်။ လျှပ်တစ်ပြက်၊ ပေါ်ပြူလာ၊ အလင်းတန်း ဂျာနယ်တို့တွင် ဆောင်းပါးများဆက်တိုက်ရေးသည်။ Asian Fame Media Group တွင်အကြံပေး၊၂၀၁၀ ပြည့်နှစ်တွင် ဖွင့်လှစ်သော မြန်မာနိုင်ငံစာကြည့်တိုက် ဖောင်ဒေးရှင်းတွင် ဒုတိယဥက္ကဋ္ဌဖြင့်လည်း ကောင်း၊ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ နာယကအဖြစ်လည်း‌ကောင်း တာဝန်ယူခဲ့သည်။

ဆရာကြီးသည် ဝဏ္ဏကျော်ထင်ဘွဲ့၊ စီမံထူးချွန်(ပထမ အဆင့်)၊ လူမှုထူးချွန်(ပထမအဆင့်)နှင့် ပခုက္ကူ ဦးအုံးဖေတစ်သက်တာ စာပေဆု ရရှိခဲ့ပြီး၊ ၂၀၂၃ ခုနှစ်တွင်  အမျိုးသားစာပေ တစ်သက်တာဆုချီးမြှင့်ခြင်းခံရသည်။

ဆရာကြီး မောင်ဆွေသက်သည် ကွယ်လွန်ချိန်တွင် အသက် ၉၁ နှစ်ရှိပြီဖြစ်သည်။

TruthZoneOnline
😢22❤8👍6👏2🙏2😱1😭1
August 19, 2026 1K 1 2