" လွမ်း "
စာဖတ်သူတို့ ဘဝမှာ အမြဲတမ်းအစွန်းရောက်တဲ့သူမျိုးနဲ့ ကြုံဖူးကြလား၊ ချစ်တော့လဲ ကမ်းမမြင် လမ်းမမြင်၊ မုန်းပြီဆိုလဲ ရေဆုံးမြေဆုံး ဖြစ်နေတဲ့ လူမျိုးတွေကိုပေါ့၊ အဲ့လို လူတစ်ယောက်အတွက် ချစ်ရတဲ့သူနဲ့ မုန်းရတဲ့သူက လူတစ်ယောက်တည်း ဖြစ်သွားရင်ရော ဘယ်လိုမျိုး ခံစားရမလဲ၊ အဲ့လိုလူတစ်ယောက်အကြောင်းကိုတော့ စာရေးဆရာ တက္ကသိုလ်ဘုန်းနိုင်က စိတ်ပညာလေး အနည်းအကျဉ်းနဲ့ ပုံဖော်ထားတဲ့ စာအုပ်လေး တစ်အုပ်ရှိပါတယ်။
ကျွန်တော် review လုပ်ပေးချင်တဲ့ စာအုပ်လေးနာမည်ကတော့ “လွမ်း” လို့ ခေါ်ပါတယ်၊ ဒီစာအုပ်လေးက ဆရာ့ရဲ့ အခြားစာအုပ်တွေနဲ့ မတူပဲ သိပ်ပြီး review သိပ်မလုပ်ကြတဲ့ စာအုပ်လေးဆိုလဲ မမှားပါဘူး၊ ဇာတ်လမ်းအစမှာ ဒေါက်တာမင်းညိုဆိုတဲ့ နိုင်ငံခြားမှာ ပညာသင်ရင်း ပါရဂူဘွဲ့ရလာတဲ့ ဆရာဝန်တစ်ယောက်က စစ်ကိုင်းဘက်ကို လာရင်းကနေ မထင်မှတ်ပဲ လူတစ်ယောက် ရေနစ်တာကို ကယ်ဖို့ဖြစ်လာခဲ့တယ် ရေနစ်သူကို ကယ်ရင်း ကိုယ်တိုင်ပါ ရေနစ်ခဲ့ရသော မင်းညိုကို အရေးပေါ်သို့ အားချင်း ပို့ဆောင်ကြပါတယ်။
ထိုစဉ် ဆေးရုံမှာ ဖခင်၏ နှလုံးရောဂါနဲ့ မေ့လဲသွားခြင်းကြောင့် ရောက်လာတဲ့ လွမ်းဆိုတဲ့ ကောင်မလေးလဲ ရှိနေပါတယ်၊ စင်စစ်သူမအဖေဟာလဲ ရောဂါအခံကြောင့် အချိန်မီ ကုသဖို့ လိုအပ်နေခဲ့ပါတယ်၊ အရင်ရောက်သည့် လူနာဖြစ်တဲ့ သူမအဖေကို ကျော်ပြီး အရေးပေါ်လူနာဖြစ်သည့် ဒေါက်တာမင်းညိုကိုသာ အရင် ခွဲစိတ်ခန်းထဲ ထည့်လိုက်ကြတာကြောင့် ဒေါက်တာမင်းညိုက အသက်အန္တရာယ်မှ လွတ်ခဲ့သော်လဲ လွမ်းရဲ့ ဖခင်ဖြစ်သူမှာ အသက်ဆုံးရှုံးခဲ့ရပါတယ်။
ဖခင်ဖြစ်သူကို မှီခိုရင်း ရပ်တည်ရတဲ့ မိသားစုဟာ ဖခင်မရှိတဲ့နောက်မှာ လွန်စွာ ကမောက်ကမဖြစ်လာကြပါတယ်၊ ထိုသို့ ဖြစ်လာလေလေ မင်းညိုအပေါ် နာကျည်းလာရင်းကနေ အမုန်းကြီး မုန်းလာပါတယ်၊
တစ်ဖက်မှာလဲ မိမိ အမှားကြောင့်လို့ ခံယူထားတဲ့ မင်းညိုဟာလဲ ခွင့်လွှတ်မှုကို တောင်းခံရင်း လွမ်းဆိုတဲ့ကောင်မလေးကို ချစ်မိသွားရှာပါတယ်၊ ဒီလိုရှုပ်ထွေးလာတဲ့ အခြေအနေကနေ ဖြစ်လာတဲ့ အချစ်တစ်ခုကို မင်းညိုတစ်ယောက်အနေနဲ့ ဘယ်လို ရှင်သန်မွေးမြူမလဲ၊ တောင်းပန်မှုကို လက်သင့်မခံချင်တဲ့ လွမ်းကရော ဘယ်လိုအကြောင်းကြောင့်နဲ့ရော အမုန်းတွေ ပြေသွားမလဲ ဆိုတာကို ဇာတ်အိမ်ဆန်းဆန်းနဲ့ ရေးထားတဲ့ စာအုပ်မျိုးပဲ ဖြစ်ပါတယ်။
ထို့အပြင် ဒီစာအုပ်လေးဟာ မင်းညိုရဲ့ အစွန်းရောက်နေတဲ့ လူတစ်ယောက်ကို ပေးဆပ်ဖို့ပဲ ရွေးချယ်လိုက်တဲ့ ပုံကို သေချာရေးထားတဲ့ စာအုပ်လေးလဲ ဖြစ်တာမို့ စာဖတ်သူအနေနဲ့ မတူညီတဲ့ ရသမျိုးကို အချိန်တိုတိုနဲ့ ပေးနိုင်မယ့် စာအုပ်လေး တစ်အုပ်မို့ အချိန်ပေးပြီး ဖတ်သင့်တဲ့ စာအုပ်ကောင်းလေး တစ်အုပ်ဖြစ်မယ်လို့လဲ ကျွန်တော်ယုံကြည်ပါတယ်။
( PN -032 ပါ ခင်ဗျ
ဆရာ့ရဲ့စာအုပ်တွေထဲ Review သိပ်ပြီးမရေးကြတဲ့ ဝတ္ထုတပုဒ်ပါ
ဒီဝတ္ထုလေးကို မှတ်မှတ်ရရ Review ရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ
အရေးသားပိုင်း ဆွဲဆောင်နိုင်ပြီး
တွေ့ရခဲတဲ့ Review တခုဖြစ်တာကြောင့် ရွေးချယ် ထားပါတယ်ဗျ)
153July 11, 2026 9.5K 21