သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင်... " မြန်မာ့စာပေလောကမှာ “Art for… — တက္ကသိုလ်ဘုန်းနိုင် — TG.ME

"သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင်... "


မြန်မာ့စာပေလောကမှာ “Art for Art’s Sake” ဆိုတဲ့ အနုပညာအယူအဆကို ပြောဆိုကြတဲ့အခါ ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ကို ဖန်တီးမှုအင်အား အလွန်မြင့်မားတဲ့ စာရေးဆရာတစ်ဦးအနေနဲ့ သတ်မှတ်ကြမှာ အသေအချာပါပဲ။ဆရာကြီးရဲ့ စာပေလက်ရာ‌တွေကို ဖတ်ဖူးသူတိုင်းအတွက် အထူးတလည် ညွှန်းဆိုစရာမလိုလောက်အောင် စာဖတ်ပရိသတ်တွေရဲ့ ရင်ထဲမှာ deeply rooted ဖြစ်နေတဲ့ ဝတ္ထုတစ်ပုဒ်ကတော့ “သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်…ခိုင်” ပါပဲ။ စာအုပ်ထုတ်ဝေစဉ်ကတည်းက Best Seller အနေနဲ့ အသိအမှတ်ပြုခံခဲ့ရတဲ့အပြင်၊ ဒီနေ့အချိန်အထိလည်း မြန်မာ့စာပေလောကရဲ့ Classic novel တစ်အုပ်အနေနဲ့ တင်စားခေါ်ဝေါ်ခံရဆဲပါပဲ။

"Best Seller တိုင်းဟာ Classic မဟုတ်။ သို့သော် Classic တိုင်းဟာ Best Seller ဖြစ်ခဲ့ဖူးရမယ်” ဆိုတဲ့ ကမ္ဘာ့စာပေပညာရှင်တို့ရဲ့ ဆိုရိုးစကားအတိုင်း “သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်…ခိုင်” ဝတ္ထုဟာ ၁၉၆၄ ခုနှစ်မှ ယနေ့အထိ နှစ်ပေါင်းခြောက်ဆယ်ကျော်တိုင်အောင် အကြိမ်ကြိမ် ပြန်လည်ရိုက်နှိပ်ခံနေရဆဲ မြန်မာ့ဂန္ထဝင်ဝတ္ထုရှည်ကြီးတစ်အုပ် ဖြစ်နေဆဲပါပဲ။

“ရွက်ဝါကြွေသော နွေတိုင်လျှင်
မမေ့နိုင်ဘဲလျက်က
သတိမရရဲချင်သော ဇာတ်လမ်းတစ်ပုဒ်…”

ဒီဝတ္ထုဟာ simply a love story မဟုတ်ဘဲ လူ့နှလုံးသားရဲ့ contradiction နဲ့ unspoken emotions တွေကို နူးညံ့သိမ်မွေ့စွာ ဖော်ပြထားတဲ့ psychological masterpiece တစ်ပုဒ်လို့ပင် ဆိုနိုင်ပါတယ်။

လူကြီးဆိုတာ ငယ်ရာကနေ ကြီးပြင်းလာသူ‌တွေ ဖြစ်သလို လူတိုင်းမှာ ကိုယ့်ငယ်ဘဝဇာတ်လမ်းတွေ ရှိကြစမြဲပါပဲ။ ခိုင့်ငယ်ဘဝဖြတ်သန်းပုံတွေဟာ ဘယ်လောက်ထိ ဆန်းကြယ်နက်ရှိုင်းခဲ့သလဲ။ မောင်နဲ့ ခိုင်တို့ရဲ့ တွေ့ဆုံမှုဟာ fate တစ်ခုလား၊ coincidence တစ်ခုလား။

ခိုင့်နှလုံးသားထဲမှာ မောင်တစ်ယောက်တည်းသာ အစဉ်ရှိနေခဲ့‌ပေမဲ့၊ မောင်ကရော ဟိုးအစကတည်းက လှိုင့်ကိုသာ
သူ့ရဲ့နှလုံးသားထဲ
ထည့်ထားနှင့်ပြီးသားလား။
မောင်ဟာ မိခိုင်ကို သူငယ်ချင်းအချစ်နဲ့သာ ချစ်ခဲ့တာလား၊ ဒါမှမဟုတ် ချစ်လျက်နဲ့ ကိုယ့်နှလုံးသားကိုယ် ပြန်လည်လှည့်ဖျားကာ indifferent ဟန်ဆောင်ခဲ့ခြင်းလား။

ခိုင်ဝတ္ထုမှာ ဆရာကြီးရဲ့ စာ‌ပေအရေးအသားဟာ subtle ဖြစ်လွန်းတာကြောင့် မြှုပ်ကွယ်ထားတဲ့ ခံစားချက်‌တွေကိုတောင် စာဖတ်သူတွေက line by line analysis လုပ်ရတဲ့အထိ ထိုးထွင်းစဉ်းစားကြတယ်။ ဒါကြောင့်လည်း “ခိုင်” ဝတ္ထုနဲ့ပတ်သတ်လို့ ဒီနေ့အထိ discussion တွေ၊ debate တွေ မပြီးဆုံးနိုင်သေးတာဖြစ်မယ်။

အရာအရာကို ပိုကောင်းအောင်ဆိုပြီးလုပ်ခါမှ ဘဝကြီးဟာ ပိုဆိုးသွားတတ်တာမျိုးလား။

ဘယ်သူ့ကိုမှ မျက်ရည်မကျစေချင်ဘူးဆိုတဲ့ မောင်....

နောက်ဆုံးတော့ မောင်ကိုယ်တိုင်ရော၊ မောင့်ကိုချစ်တဲ့၊ မောင်ကချစ်တဲ့ လှိုင့်ကိုရော၊ မငိုရတဲ့ ချစ်ခြင်းနဲ့ပဲ ချစ်ပါရ‌စေပြောပြီး ခိုင့်ကို လောကအလယ် ရပ်တည်နိုင်စွမ်း မရှိတော့တဲ့အထိ၊ ငိုဖို့ မျက်ရည်ကုန်ခမ်းတဲ့အထိ ဘယ်အရာတွေက ဖြစ်စေခဲ့တာလဲ။

မောင်နှင့် လှိုင်၊ ကိုကိုနှင့် မြိုင်…

ယောင်္ကျားတွေဟာ ကိုယ်ချစ်တဲ့သူကို priority အဖြစ်ထားတတ်ကြသလား။ အဲ့ဒီ priority တွေရဲ့ နောက်ကွယ်မှာ ကြိုင်နဲ့ ခိုင်တို့လို့ အမျိုးသမီး‌တွေအပေါ် ဘယ်လို emotional damage တွေ ကျရောက်ခဲ့ရသလဲ။

မောင်၊ ကိုကို၊ ငြိမ်းမောင်၊ တင်မောင်ညွန့် စတဲ့ ယောင်္ကျားဇာတ်ကောင်တွေဟာ ကိုယ်ချစ်တဲ့သူကို နှလုံးသားအပ်နှင်းပိုင်ခွင့်ရှိကြပေမယ့် ကြိုင်နဲ့ ခိုင်တို့လို အမျိုးသမီးတွေမှာတော့ ကိုယ်ချစ်တဲ့သူကို နှလုံးသားပေးအပ်ပိုင်ခွင့်၊ ပြန်လည်တောင်းဆိုပိုင်ခွင့်တို့ မရှိခဲ့ကြတဲ့ အဲဒီ gender inequality ကို ဆရာကြီးက သိမ်မွေ့လှပတဲ့ အရေးအသားတွေနဲ့ ဘယ်လိုနာကျင်ဖွယ်ကောင်းအောင် ရေးဖွဲ့ထားသလဲ။

“လူတစ်ယောက်ဟာ သူ့ကိုသတိရနေမယ့်သူရှိနေသရွေ့ တကယ်မသေဆုံးဘူး” လို့ ဆိုရင် နှစ်လွှာပေါင်းမှ တစ်ရွက်မည်တဲ့ ရွက်စွယ်တော်ကို မြင်မိတိုင်း ခိုင်နဲ့အတူ မောင့်ကိုပါ သတိရမိတတ်သလို၊ ဆရာကြီးကိုလည်း တပါတည်း အောက်မေ့သတိရမိတတ်တာမို့ ဆရာဟာ ကျွန်မတို့ရင်ထဲမှာ အမြဲရှင်သန်နေလိမ့်ဦးမှာပါ။

ခိုင့်အတွက် ရင်နင့်ခဲ့ရသူများ၊ မောင့်အတွက် အော့နှလုံးနာခဲ့ရသူများ၊ ငြိမ်းမောင်အတွက် မျက်ရည်ကျခဲ့ရသူများ၊ လှိုင့်အတွက် ကြေကွဲဝမ်းနည်းခဲ့ရသူများ…ထိုသူတို့ ဘာကြောင့် အသည်းနင့်ခဲ့ကြသလဲ၊ ဘာကြောင့် နှလုံးသည်းပွတ်အတွင်း ရင်ဆို့ကြေကွဲခဲ့ကြသလဲ ဆိုတာကို သိချင်ရင်၊ ရသစာပေကောင်းတစ်အုပ်ကို ဖတ်ရှုချင်ရင်၊ သင်ဟာ sensitive heart ရှိသူ တစ်ဦးဖြစ်ခဲ့ရင် ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရဲ့ “သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်…ခိုင်” ဝတ္ထုကို ဖတ်ရှုကြည့်ပါလို့ ကျွန်မအနေနဲ့ တိုက်တွန်းနှိုးဆော်လိုက်ပါရစေရှင် ။


( PN -10 ရဲ့ လက်ရာလေးပါ
ဘာကြောင့် ရွေးချယ်ခဲ့လဲဆိုတာ
စာဖတ်သူတို့ကို အထွေအထူး
ပြောစရာ လိုမယ် မထင်ပါဘူးဗျ
Congratulations ပါခင်ဗျာ )
❤189😢18💔6😭4
June 10, 2026 13K 46