ဗုဒ္ဓဘာသာဝင်တွေဟာ တခြားဘာသာဝင်တွေကို မိစ္ဆာဒိဌိဆိုပြီး လက်ညိုးထိုးတတ်ပါတယ်။ ကိုယ်တိုင်ကတော့ ဘုရားဟောတဲ့ ဆိုလိုချက်ကို မသိသေးဘဲ၊ နားမလည်သေးဘဲ ဒိဌိတန်းလန်းနဲ့ သူတပါးကို စွပ်စွဲနေတာတော့ မသိနိုင်ကြပါဘူး။ ကိုယ်တိုင်လည်း ဗုဒ္ဓဘာသာဝင် စစ်စစ်မဖြစ်ကြသေးပါဘူး။
မြတ်စွာဘုရားက ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်ဖို့ဆိုရင် "ဒိဌိအရင်ပြုတ်အောင် ကြိုးစား"လို့ မှာကြားခဲ့ပါတယ်။ ဒိဌိပြုတ်ဖို့ ဘယ်လောက်တောင် အရေးကြီးလဲဆိုရင် မိမိသေဘေးနဲ့ ချက်ချင်းတုံးကနဲ လဲသေဖို့ ဖြစ်လာရင်တောင် နောက်မှသေ ဒိဌိအရင်ပြုတ်ပါစေလို့ မှာကြားခဲ့ပါတယ်။ ဆိုလိုတာက ဒိဌိမပြုတ်သေးဘဲ သေသွားရင် ကြုံရာဘဝကို ကျရောက်သွားနိုင်လို့ပါ။ အများအားဖြင့် လူ့စိတ်တွေဟာ မကောင်းမှုမှာပဲ မွေ့ပျော်တတ်လို့ အပါယ်ဘေးက မလွတ်နိုင်လို့ပါ။
ဒါကို မြတ်စွာဘုရားက ဘယ်လို ဥပမာပေးလဲ ဆိုတော့ တပါးသူကဖြစ်ဖြစ် အကြောင်းတခုခုကြောင့် ဖြစ်ဖြစ် မိမိရင်ဘတ်ကို အချွန်အထက် တခုခုနဲ့ ထိုးမိရင် ချက်ကောင်းဖြစ်လို့ ချက်ချင်းသေနိုင်ပါတယ်။ အဲ့လောက် အရေးကြီးနေတဲ့အချိန်မှာတောင် ရင်မှာစူးနေတဲ့ အချွန်အထက်ကို နောက်မှနှုတ်ပြီး အသက်ကယ်ပါ။ သေမယ်ရှင်မယ် မပြောနိုင်လို့ မိမိအသိမှာ ဒိဌိပြုတ်အောင် အရင် လုပ်ပါလို့ မှာကြားပါတယ်။ အဲ့လောက် အရေးကြီးပါတယ်။
တကယ်တမ်း တရားဓမ္မအပေါ် စိတ်ဝင်စားမှုမရှိ၊ လေ့လာလိုက်စားမှု မရှိခဲ့ရင် အဲ့ဒီလို သေရေးရှင်ရေး၊ အရေးနဲ့ အကြောင်းကြမှ တရားနှလုံးသွင်း ဆင်ခြင်ဖို့ရာ လုံးဝ မဖြစ်နိုင်ပါဘူး။ ခံစားရတဲ့ နာကျင်မှုကြီးမားနေတာကြောင့် ဝေဒနာအပေါ်မှာပဲ နာကျင်ခံခက် ခံစားနေမှာပါ။ ဘေးက တရားစကားပြောပြနေရင်တောင် ကြားသိနားလည်နိုင်မယ့် အာရုံ ရှိနိုင်မှာ မဟုတ်ပါဘူး။
တရားတော်တွေထဲမှာတော့ ကျားဆွဲခံရတဲ့ရဟန်း၊ ပေါင်ကို ကျောက်တုံးနဲ့ ချိုးပြီး ထွက်မပြေးဘူးလို့ ကိုယ့်ကိုယ်ကို အာမခံပေးတဲ့ ရဟန်းတွေကတော့ သေအံ့မူးမူးမှာ တရားရသွားတဲ့ ပုဂ္ဂိုလ်အဖြစ် ထင်ရှားပါတယ်။ ဒီပုဂ္ဂိုလ်တွေကတော့ ကြီးမားတဲ့ သံဝေဂစိတ်တွေနဲ့ ကြိုတင်တရားရှာခဲ့ကြတဲ့ သူများ ဖြစ်ပါတယ်။
ဒါဆို မိမိတို့ အနေနဲ့က ဘယ်လို လုပ်ရမှာလဲ။
ကြိုတင်ပြင်ဆင် အောင်ပွဲဝင် ဆိုသလို မိမိ သေပေါက်သေဝကို မရောက်ခင် ခံစားချက် တည်တည်ငြိမ်ငြိမ်ရှိနေတဲ့ အချိန်မှာ လုပ်သင့်တာ လုပ်ထားမှ အဆင်ပြေမှာပေါ့။ ခန္ဓာကိုယ်ကလည်း မနာမကျင်၊ စိတ်ကလည်း ပေါ့ပေါ့ပါးပါး အချိန်ဆိုရင် ဉာဏ်ဖြစ်ဖို့ အကောင်းဆုံးအချိန်ပါ။
ဒိဌိပြုတ်ဖို့ ကြိုးစားရာမှာ ကြိုသိထားရမှာက ဒါဟာ ဉာဏ်ရဲ့အလုပ် ဖြစ်ပါတယ်။ ကာယအလုပ်မဟုတ်ပါဘူး။
တကယ်ပဲ နည်းလမ်းကို လိုချင်ရချင်ရင် ကြိုတင်ပြင်ဆင်မှု လုပ်ရပါလိမ့်မယ်။ ကျနော့ channel မှာ အစောပိုင်းကတည်းက တင်ထားခဲ့ပေမယ့် မိတ်ဆွေတွေအနေနဲ့ သတိမထားမိကြပါဘူး။
ကြိုပြင်ဆင်တဲ့ အနေနဲ့ -
- ဓမ္မစင်္ကြာတရားတော်ကို နာကြားထားပါ။
https://vt.tiktok.com/ZSXQbFPr9/
- သစ္စာလေးပါးကို နားလည်အောင် ကြိုးစားထားပါ။
- မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်တို့ရဲ့ သဘောကို သိအောင် ကြိုးစားထားပါ။
ဒီ ၃ မျိုးကို အနည်းငယ် နားလည်ရင် ရပါပြီ။ သဘောတရားကို ရှင်းပြတဲ့အခါ ကြိုသိထားတော့ ဉာဏ်ဖြစ်လွယ်ဖို့ပါ။ အကျယ်လည်း ရှင်းပြပေးမှာပါ။
ဉာဏ်ရဲ့ အလုပ်ဖြစ်တာကြောင့် ဉာဏ်ရဲ့ အခြံအရံဖြစ်တဲ့ အသိပညာ ဗဟုသုတ ရအောင် အရင်ကြိုးစား ထားနှင့်ရမယ့် သဘောပါ။
မျှဝေခြင်းဖြင့် ကုသိုလ်ဆက်ပါ။
ဆက်လက်ရှင်းပြပေးပါ့မယ်။
#naylin
#နေလင်း
