တက္ကသိုလ်ကျောင်းသားများ စစ်မှုထမ်းရမည့်သတင်း မမှန်ဟုငြင်းသော်လည်း မိဘတို့ စိုးရိမ်နေ
ဧရာဝတီ၊ အောက်တိုဘာ ၁၄၊ ၂၀၂၆
တက္ကသိုလ်ကျောင်းသားများ ပညာရေး၂ နှစ် ယာယီရပ်နားပြီး စစ်မှုထမ်းရမည်ဆိုသော သတင်းမှာ မဟုတ်မှန်ကြောင်း အောက်တိုဘာ ၁၄ ရက်စွဲဖြင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့က ထုတ်ပြန်လာသော်လည်း စိုးရိမ်မှုများ ရှိနေဆဲဖြစ်ကြောင်း ကျောင်းသားများနှင့် မိဘအုပ်ထိန်းသူများထံက သိရသည်။
စစ်မှုထမ်း မဲနှိုက်ရွေးချယ်ရာတွင် ပါဝင်ခဲ့သည့် တက္ကသိုလ်ကျောင်းသားများ သတ်မှတ်ကာလ ၂ နှစ် မဖြစ်မနေ စစ်မှုထမ်းရန် ခရိုင်အဆင့် စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့များက ညွှန်ကြားထားသလို မဲအမှတ်စဉ် ၁၀၀ အတွင်း မဲပေါက်ထားသူများကို သုံးလအတွင်း စစ်မှုထမ်းရန် ဆင့်ခေါ်သွားမည်ဟု ပြီးခဲ့သည့် ရက်ပိုင်းက သတင်းများ ထွက်ပေါ်ခဲ့သဖြင့် မိဘအုပ်ထိန်းသူများကလည်း စိုးရိမ်နေခြင်း ဖြစ်သည်။
“အခုက အထက်တန်းကျောင်းသားတွေပါ မဲနှိုက်ရတာ၊ သားကိုယ်စား မဲသွားနှိုက်ခဲ့ရတာပေါ့၊ နံပါတ်က ၅၀၀ ကျော် ကျပေမယ့် တက္ကသိုလ်ကျောင်းသားတွေကိုလည်း ခေါ်မယ်ဆိုတဲ့ သတင်းတွေကြောင့် အတော် စိတ်ပူနေမိတယ်၊ ပြီးတော့ စစ်မှုထမ်းကြေးတွေလည်း မကောက်တော့ဘူးဆိုတော့ ပိုပြီး စိတ်ပူနေရတယ်”ဟု မန္တလေးမြို့ခံကျောင်းသားမိဘတဦးက ပြောသည်။
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ထုတ်ပြန်စာ၌ စစ်မှုထမ်းတာဝန်မှ ယာယီရွှေ့ဆိုင်းနိုင်သည့်အချက်များအနက် ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ ၁၅ (က)(၃)တွင် ပညာသင်ကြားနေသူများဟူသည့် အချက်ကို အတိအကျ ဖော်ပြထားပြီး နေ့စဉ်ထုတ်သတင်းစာများတွင်လည်း စဉ်ဆက်မပြတ် ဖော်ပြပေးလျက်ရှိသည်ဟု ဆိုသည်။
သို့သော် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ကြီးများအပါအဝင် စစ်အုပ်စု ထိန်းချုပ်ထားနိုင်ဆဲဒေသများမှ တက္ကသိုလ် တက်ရောက်နေသူများနှင့် အထက်တန်းအဆင့် ကျောင်းသားကျောင်းသူများ စာရင်းကို မြို့နယ်အုပ်ချုပ် ရေးအဖွဲ့များက တောင်းခံထားပြီး ကျောင်းသား/ကျောင်းသူများအနက် မျက်မှန်တပ်ရသူ၊ ကျန်းမာရေးအရ ရေရှည် ဆေးဝါးသုံးစွဲနေရသူ၊ ကိုယ်လက်အင်္ဂါချို့ယွင်းသူ စသည်ဖြင့် ခွဲခြားကောက်ယူနေကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ၌ ရပ်/ကျေး၊ မြို့နယ်အဆင့် စစ်မှုထမ်းဆင့်ခေါ်ရေး စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စများကို ခရိုင်၊ တိုင်းအဆင့်က အလုံးစုံ လွှဲပြောင်းရယူပြီးနောက် စက်တင်ဘာလဆန်းမှစ၍ ရပ်ကွက်များနှင့်ကျေးရွာများတွင် မဲနှိုက်ရွေးချယ်ရာ ကျောင်းတက်ရောက်နေဆဲ အခြေခံပညာအထက်တန်းအဆင့် ကျောင်းသားများပါ မဲနှိုက်ရခြင်းဖြစ်သည်။
“လဝကရုံးက ချပေးတဲ့ နာမည်စာရင်းအတိုင်း ရပ်ကွက်ရုံးကနေ ခေါ်တာ၊ မဲနှိုက်ရတယ်၊ အခုမဲနှိုက်ရတာက အသက် ၁၈ ကနေ ၃၅ အထိ ကျောင်းသားတွေကအစ အကုန်နှိုက်ရတာ၊ ကျနော်တို့ရပ်ကွက်ထဲက ကျောင်းသား ၄၀ ကျော်လောက် ပါတယ်၊ ဒီနှစ်မှ တက္ကသိုလ်ဝင်တန်းတက်နေတဲ့ ကလေးဆိုရင် မဲနံပါတ် ၁၀၀ အတွင်းပေါက်တာ၊ အထက်တန်းကျောင်းသားမို့ ယာယီ ကင်းလွတ်ခွင့်ရအောင် လုပ်ပေးမယ်လို့တော့ ပြောလိုက်တယ်”ဟု ကိုယ်တိုင် မဲနှိုက်ခဲ့ရသူတဦးက ပြောသည်။
စက်တင်ဘာလမှစတင်ကာ လူစားထိုးရန်အတွက် စစ်မှုထမ်းကြေး ကောက်ခံနေသည့်စနစ်ကို ဖျက်သိမ်းပြီး မဲနှိုက်ရွေးချယ်ထားသည့် အစဉ်လိုက်အတိုင်း စစ်မှုထမ်းစေမည်ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် ကျောင်းသားများအပါအဝင် မဲပေါက်သူမည်သူမဆို စစ်မှုထမ်းဆောင်ခြင်း ရွှေ့ဆိုင်းခွင့် သို့မဟုတ် ကင်းလွတ်ခွင့် မပြုရန် တင်းကျပ်ထားသည်ဟု အုပ်ချုပ်ရေးအဖွဲ့နှင့်နီးစပ်သူများက ပြောသည်။
မဲပေါက်ထားသည့် လူငယ်များ ထွက်ပြေးတိမ်းရှောင်ခြင်း မရှိစေရေးအတွက် သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေး အဖွဲ့များအနေဖြင့် မဲပေါက်သူ၏ မှတ်ပုံတင်နှင့် Smart Card များကို သိမ်းဆည်းထားပြီး လစဉ် ရုံးသို့ လာရောက်လက် မှတ်ရေးထိုးရန်၊ ခွင့်ပြုချက်မရှိဘဲ ခရီးသွားလာမှုများကို စောင့်ကြည့်ရန်နှင့် ထွက်ပြေးတိမ်းရှောင်ခြင်း မရှိစေရန် မိဘအုပ် ထိန်းသူများမှ တာဝန်ယူကြောင်း ခံဝန်လက်မှတ် တောင်းသည်ဆိုသော သတင်းများမှာလည်း မဟုတ်ကြောင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့က ငြင်းဆိုသည်။
မန္တလေးတိုင်းစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ က တာဝန်ရှိသူတဦးက “စစ်မှုထမ်းဆင့်ခေါ်တာမှာ သတ်မှတ်ချက်တွေအတိုင်းသာ ဆင့်ခေါ်နေတာမျိုးဖြစ်ပါတယ်၊ ကျောင်းသားဆိုရင်လည်း ဥပဒေ၊ နည်းဥပဒေပြဌာန်းချက်တွေအတိုင်း လုပ်ပေးနေတယ်၊ အမှန်တကယ်ကျောင်းတက်နေတယ်ဆိုတဲ့အကြောင်း လိုအပ်တဲ့စာ ရွက်စာတမ်းတွေနဲ့အတူ သတ်မှတ်ဖောင်တွေဖြည့်ပြီး တင်ပြလာတာမျိုးတွေကို ယာယီရွှေ့ဆိုင်းခွင့်ပြုပေးတာမျိုးတွေ လုပ်ပေးနေပါတယ်”ဟု ဧရာဝတီကို ပြောသည်။
၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်းအရ ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့် အကျုံးဝင်သူ အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်း စုစုပေါင်း ၁၃ သန်းနီးပါးရှိပြီး လက်ရှိအချိန်ထိ စစ်မှုထမ်း ၁ သိန်း ၄ သောင်းခန့်ထိ ခေါ်ယူထား ပြီးဖြစ်ကြောင်း၊ ယခု အောက်တိုဘာလ၌ အပတ်စဉ် ၂၉ သို့ ရောက်ရှိနေပြီး စစ်မှုထမ်းစတင်ခေါ်ယူချိန်က အပတ်စဉ် တခုလျှင် လူ ၅၀၀၀ ခါ်ယူရန် ရည်မှန်းထားသော်လည်း လက်ရှိတွင် လူအင်အားပြည့်မီရန် အခက်အခဲများရှိနေကြောင်း သိရသည်။
Website တွင် ဖတ်ရန်
22
10
4
2
1October 14, 2026 3.7K