ပုပ်ရဟန်းမင်းကြီး လီယို အဆုတ်ကင်ဆာ ခွဲစိတ်ကုသမှု ခံယူခဲ့ရကြောင်း… — The Irrawaddy - Burmese — TG.ME

ပုပ်ရဟန်းမင်းကြီး လီယို အဆုတ်ကင်ဆာ ခွဲစိတ်ကုသမှု ခံယူခဲ့ရကြောင်း ဗာတီကန် ထုတ်ပြန်

ဧရာဝတီ၊ အောက်တိုဘာ ၁၄၊ ၂၀၂၆။

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် အဆုတ်အတွင်းရှိ ကင်ဆာ အကျိတ်ကို ဖယ်ရှားရန် အင်္ဂါနေ့က ခွဲစိတ်ကုသမှု ခံယူခဲ့ကြောင်း ဗာတီကန်က ထုတ်ပြန်ခဲ့သည်။

ရောမမြို့ရှိ Gemelli ဆေးရုံတွင် ပြုလုပ်ခဲ့သော အဆိုပါ ခွဲစိတ်မှုအတွင်း ပုပ်ရဟန်းမင်းကြီး၏ ညာဘက်အဆုတ်၏ အောက်ပိုင်းအစိတ်အပိုင်းကို ဖယ်ရှားခဲ့ရကြောင်း ပုပ်ရဟန်းမင်းကြီး၏ ဆရာဝန်များက ဘုရားကျောင်းမှတဆင့် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ခွဲစိတ်ပြီးနောက် စစ်ဆေးခဲ့သော အဆုတ်တစ်ရှူးများအရ ယခင်စစ်ဆေးချက်အတိုင်း အဆုတ်ကင်ဆာအမျိုးအစား (lung adenocarcinoma) ဖြစ်ကြောင်း အတည်ပြုခဲ့သည်ဟု ဗာတီကန်က ပြောကြားခဲ့သည်။

အမေရိကန် အဆုတ်ကင်ဆာ ဖောင်ဒေးရှင်း (Lung Cancer Foundation of America) ၏ အဆိုအရ Adenocarcinoma အဆုတ်ကင်ဆာသည် အမေရိကန်ပြည်ထောင်စုတွင် အတွေ့ရဆုံး အဆုတ်ကင်ဆာအမျိုးအစားဖြစ်ပြီး စုစုပေါင်း အဆုတ်ကင်ဆာဖြစ်ပွားမှု၏ ၄၀ ရာခိုင်နှုန်းခန့် ရှိသည်။

ဆရာဝန်များ၏ ပြောကြားချက်အရ ခွဲစိတ်မှုမှာ အောင်မြင်ခဲ့ပြီး မိနစ် ၉၀ ခန့် ကြာမြင့်ခဲ့သည်။ ထို့နောက် ပုပ်ရဟန်းမင်းကြီး လီယိုသည် ပုံမှန်အတိုင်း ပြန်လည်နိုးထလာခဲ့ပြီး ခဏတာ စောင့်ကြည့်လေ့လာပြီးနောက် ဆေးရုံ၏ ၁၀ ထပ်ရှိ သူ၏ သီးသန့်အခန်းသို့ ပြန်လည်ရောက်ရှိခဲ့သည်။

အသက် ၇၁ နှစ်ရှိပြီဖြစ်သော လီယိုသည် ပုပ်ရဟန်းမင်းကြီးတပါးအနေဖြင့် ငယ်ရွယ်သူဖြစ်ပြီး ကိုယ်လက်လှုပ်ရှားမှုလည်း တက်ကြွစွာ ပြုလုပ်သူဖြစ်သည်။ သူသည် သီးသန့်အတွင်းရေးမှူးနှင့် ပုံမှန် တင်းနစ်ရိုက်ခြင်းအပါအဝင် အပတ်စဉ် လေ့ကျင့်ခန်းလုပ်လေ့ရှိသလို၊ ပုပ်ရဟန်းမင်းကြီး၏ နွေရာသီ စံအိမ်ဖြစ်သော Castel Gandolfo တွင် မြင်းစီးရခြင်းကိုလည်း နှစ်သက်သူဖြစ်သည်။

လီယိုသည် ဆေးလိပ်သောက်သည့် ရာဇဝင်မရှိသော်လည်း ပုပ်ရဟန်းမင်းကြီး၏ မိသားစုတွင် ကင်ဆာရောဂါ ဖြစ်ပွားခဲ့သည့် ရာဇဝင်ရှိသည်။ ဖလော်ရီဒါတွင် နေထိုင်သော လီယို၏ အစ်ကိုဖြစ်သူ လူးဝစ် (Louis) သည် လက်ရှိတွင် ကင်ဆာရောဂါဖြင့် ဆေးရုံတက်နေရကြောင်း ဗာတီကန်က အင်္ဂါနေ့တွင် ကြေညာခဲ့သည်။ ထို့အပြင် လီယို၏ မိခင်ဖြစ်သူ မေးလ်ဒရက်ဒ် (Mildred) သည်လည်း ၁၉၉၀ ပြည့်နှစ်က အသက် ၇၇ နှစ်တွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

အနည်းဆုံး အောက်တိုဘာ ၂၀ ရက်အထိ လာမည့်ရက်အနည်းငယ်အတွင်း ပုပ်ရဟန်းမင်းကြီး၏ အများပြည်သူနှင့် တွေ့ဆုံပွဲ အစီအစဉ်များကို ပယ်ဖျက်ထားကြောင်း ဗာတီကန်က ပြောကြားခဲ့သည်။ နောက်ထပ် ဆက်လက်ကုသရမည့် အစီအစဉ်များကိုမူ ဗာတီကန်က ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။

ကိုးကား။ ။ NPR သတင်း Pope Leo has lung cancer, the Vatican announces after surgery
😭17👍9❤6
October 14, 2026 3.3K 2
ပုပ်ရဟန်းမင်းကြီး လီယို အဆုတ်ကင်ဆာ ခွဲစိတ်ကုသမှု ခံယူခဲ့ရကြောင်း… — The Irrawaddy - Burmese — TG.ME