ဘတ်ဂျက်လိုငွေပြနေသည့် အာဏာသိမ်းအစိုးရ ကျပ်ဘီလီလံ ၂၀၀၀ ကျော် ဗဟိုဘဏ်မှ ချေးဖို့ လွှတ်တော်ကို တင်ပြ
ဧရာဝတီ၊ အောက်တိုဘာ ၉၊ ၂၀၂၆
ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း အာဏာသိမ်းအစိုးရ၏ အပ်ငွေစာရင်းတွင် ဖြစ်ပေါ်လာနိုင်သည့် လိုငွေ ဖြည့်ဆည်းရန် ဗဟိုဘဏ်ထံမှ ကျပ် ၂,၁၀၀ ဘီလီယံ ချေးယူမည့်အစီအစဉ်ကို ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသက်ထွန်းအောင်က အောက်တိုဘာ ၆ ရက် လွှတ်တော်အစည်းအဝေး၌ တင်ပြခဲ့သည်။
ချေးငွေ ဖြည့်ဆည်းရာတွင် ယခင်က ငွေတိုက်လက်မှတ်များ လေလံတင် ရောင်းချမှုမှ ရရှိသည့် ပျမ်းမျှဈေးကွက်အတိုးနှုန်းကို အသုံးပြုခဲ့သော်လည်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အထိ အစိုးရငွေတိုက်လက်မှတ်များအပေါ် အတိုးနှုန်း ၄ ရာခိုင်နှုန်း သတ်မှတ်ကာ ဗဟိုဘဏ်က ဝယ်ယူသည့်နည်းလမ်းဖြင့် လိုငွေ ဖြည့်ဆည်းသွားမည်ဖြစ်ကြောင်း ဦးသက်ထွန်းအောင်က ပြောသည်။
ဘတ်ဂျက်လိုငွေ ဖြည့်ဆည်းရန်အတွက် ဦးစွာ ငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်များကို လေလံစနစ်ဖြင့် ရောင်းချပြီး ယင်းမှရရှိသည့်ငွေ မလုံလောက်ပါက ဗဟိုဘဏ်မှ ချေးငွေဖြင့် ထပ်မံဖြည့်ဆည်းသည့်နည်းလမ်းကို အသုံးပြုနေခြင်း ဖြစ်သည်။
ယခုဘဏ္ဍာနှစ် စက်တင်ဘာလအထိ ငွေတိုက်စာချုပ်များကို လေလံစနစ်ဖြင့် ခြောက်ကြိမ် ရောင်းချခဲ့ရာ ကျပ် ၂,၉၃၈ ဒသမ ၅၅ ဘီလီယံ ရရှိခဲ့ပြီး ငွေတိုက်လက်မှတ်များကို လေလံစနစ်ဖြင့် ၁၂ ကြိမ် ရောင်းချခဲ့ရာ ကျပ် ၁၀,၉၉၈ ဒသမ ၆၂ ဘီလီယံ ဖြည့်ဆည်းခဲ့ရကြောင်း ဦးသက်ထွန်းအောင်က ပြောသည်။
ထို့ကြောင့် ငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်များ ရောင်းချခြင်းမှတဆင့် အာဏာသိမ်းအစိုးရ၏ အပ်ငွေစာရင်းလိုငွေကို စုစုပေါင်း ကျပ် ၁၃ဒသမ ၉၃၇ ထရီလီယံကျော် ဖြည့်ဆည်းခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း စစ်အသုံးစရိတ်များ မြင့်တက်နေပြီး လိုငွေကို ငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်များ ရောင်းချခြင်း၊ ဗဟိုဘဏ်ထံမှ ချေးယူခြင်းတို့ဖြင့် ဖြည့်ဆည်းခြင်းသည် အစိုးရငွေကြေးလိုအပ်ချက် ကို ရေတိုတွင် ဖြည့်ဆည်းပေးနိုင်သော်လည်း ဗဟိုဘဏ်က ငွေကြေးထောက်ပံ့မှု တိုးမြှင့်လာပါက စီးပွားရေးအတွင်း ငွေကြေးပမာဏနှင့် ဈေးနှုန်းများအပေါ် ဖိအားဖြစ်စေကာ ကုန်ဈေးနှုန်းမြင့်တက်မှုနှင့် ကျပ်ငွေတန်ဖိုး ကျဆင်းမှု ပိုမို ဆိုးရွားစေနိုင်ကြောင်း စီးပွားရေးကျွမ်းကျင်သူများက ထောက်ပြထားသည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup
22
8
7
3
2October 9, 2026 3.2K 3