အယ်နီညို သတိပေးနေချိန် မီးကို အလှည့်ကျစနစ်ဖြင့် ပေးမည် ဧရာဝတီ၊… — The Irrawaddy - Burmese — TG.ME

အယ်နီညို သတိပေးနေချိန် မီးကို အလှည့်ကျစနစ်ဖြင့် ပေးမည်

ဧရာဝတီ၊ အောက်တိုဘာ ၅၊ ၂၀၂၆

ပြင်းထန် အယ်နီညိုရာသီဥတု ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံတွင် ၆ လအတွင်း လူ ၁,၂၀၀ ခန့်အထိ သေဆုံးနိုင်ကြောင်း ပညာရှင်များက သတိပေးထားချိန်တွင် အာဏာသိမ်းအစိုးရ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက လျှပ်စစ်ဓာတ်အားများကို အလှည့်ကျစနစ်ဖြင့်သာ ဖြန့်ဖြူးတော့မည်ဟု ကြေညာသည်။

မုတ်သုံလွန် ပွင့်လင်းရာသီသို့ ရောက်ရှိလာခြင်းနှင့်အတူ အပူချိန် သိသာစွာ မြင့်မားလာသဖြင့် ဓာတ်အားသုံးစွဲမှုနှင့် လိုအပ်ချက် တိုးတက်လာသောကြောင့် ဝန်အား ထိန်းညှိသည့်အနေဖြင့် အလှည့်ကျစနစ်ကို အောက်တိုဘာ ၅ ရက်မှ စတင် ကျင့်သုံးခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

အပူချိန် မြင့်မားချိန်တွင် ဓာတ်အား ထုတ်လုပ်မှုနှင့် သုံးစွဲမှု အချိုးမညီပါက ဓာတ်အားထုတ်စက်များ ရုတ်တရက် ရပ်တန့်ခြင်းနှင့် တနိုင်ငံလုံး ဓာတ်အားစနစ် ပြတ်တောက်ခြင်း (System Breakdown) တို့ ဖြစ်ပေါ်နိုင်သဖြင့် ဝန်အား ထိန်းညှိဖြန့်ဖြူးမှုကို မလွဲမရှောင်သာ အနည်းဆုံး ပမာဏဖြင့် ဖြန့်ဖြူးပေးရခြင်း ဖြစ်သည်ဟုလည်း အသိပေးထားသည်။

လျှပ်စစ်မီးကို အချိန်ပိုင်းသာ ရရှိတော့မည် ဖြစ်သဖြင့် မြို့ကြီးများရှိ တိုက်ခန်းများ၌ စုပြုံ နေထိုင်သူများအပူရှောင်ရန် အခွင့်အလမ်း နည်းပါးသွားနိုင်သည့်အပြင် စံချိန်တင် အပူချိန်ကြောင့် သေဆုံးနိုင်ခြေနှင့် ရောဂါအခံ ရှိသူများ ထိခိုက်နိုင်ခြေ မြင့်မားလာကြောင်း မိုးလေဝသနှင့် သိပ္ပံပညာရှင်များက သတိပေးထားသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
👎34❤8😭2👍1😁1
October 5, 2026 1.5K 12