ပုဏ္ဏားကျွန်း စစ်ရှောင်စခန်း ၂ ခုကို ဗုံးကြဲ၊ ၆ ဦး သေဆုံး ဧရာဝတီ၊… — The Irrawaddy - Burmese — TG.ME

ပုဏ္ဏားကျွန်း စစ်ရှောင်စခန်း ၂ ခုကို ဗုံးကြဲ၊ ၆ ဦး သေဆုံး

ဧရာဝတီ၊ အောက်တိုဘာ ၄၊ ၂၀၂၆

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ရှောင်စခန်း ၂ ခုကို ယနေ့ ညနေ ၅ နာရီ ၁၀ မိနစ်တွင် တိုက်လေယာဉ်၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စခန်း မီးလောင်ခဲ့သလို သေဆုံး ဒဏ်ရာရသူများလည်း ရှိကြောင်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်သည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ သရက်ချိုနှင့် ယိုးငူကျေးရွာကြားရှိ ယိုးငူနှင့် ဗျာလ စစ်ဘေးရှောင်စခန်းများကို ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး အိမ်နှင့် ဈေးဆိုင်များ မီးလောင်ခဲ့သလို လက်ရှိအချိန်အထိ စစ်ဘေးရှောင် ၆ ဦး သေဆုံးခဲ့ကာ ဒဏ်ရာရရှိသူများလည်း ရှိနေကြောင်း သိရသည်။

အောက်တိုဘာ ၃ ရက်ကလည်း ရသေ့တောင်မြို့ပေါ်ရှိ ရပ်ကွက်များနှင့် ပြားချောင်းကြီးကျေးရွာ၊ ပြင်ခေါင်ကျေးရွာ၊ အငူမော်ကျေးရွာများကို Y-12 ဖြင့် ဗုံးကြဲခဲ့ရာ သေဆုံးသူများနှင့် ဒဏ်ရာရသူများ ရှိခဲ့သည်။

ရခိုင်ပြည်နယ်ရှိ နယ်မြေအများစုအား လက်လွှတ်ရသည့် စစ်တပ်သည် ဗုံးကြဲမှုများ နေ့စဉ်ရက်ဆက် ပြုလုပ်လျက်ရှိသလို သေဆုံးသူ အရပ်သားဦးရေလည်း ပိုမို တိုးလာလျက် ရှိသည်။

ဓာတ်ပုံ-AA

#WhatsHappeningInMyanmar
#RejectMilitaryCoup
😭59👎15❤6👍2😁2
October 4, 2026 1.1K 1