ရွေးကောက်ပွဲအလွန် ထရမ့်၏ အိမ်ဖြူတော်တွင် ဝန်ထမ်းအပြောင်းအလဲကြီး ဖြစ်လာမလား
ဧရာဝတီ၊ အောက်တိုဘာ ၂၁၊ ၂၀၂၆
ကြားဖြတ်ရွေးကောက်ပွဲတွင် အကြီးအကျယ် ရှုံးနိမ့်နိုင်ခြေကြောင့် အိမ်ဖြူတော်အတွင်း အာဏာလုပွဲများနှင့် သတင်းပေါက်ကြားမှုများ ပိုမိုပြင်းထန်လာနေသည်။ ဝန်ထမ်းအပြောင်းအလဲများ ပြုလုပ်ရန် စီစဉ်နေကြောင်း ထရမ့်က မပြောသေးသော်လည်း လက်ထောက်များနှင့် မဟာမိတ်များကမူ ရွေးကောက်ပွဲအပြီး ပစ်မှတ်ထားခံရမည် သို့မဟုတ် နှုတ်ထွက်ရမည်ကို စိုးရိမ်လျက်ရှိကြသည်။
တချိန်က စည်းလုံးခဲ့သည့် အိမ်ဖြူတော်သည် ယခုအခါ ဂိုဏ်းဂဏတိုက်ပွဲများနှင့် သတင်းပေါက်ကြားမှုများ ပြန်လည်ဆန်းသစ်လာရာ ဗဟိုချက်ဖြစ်လာကြောင်း အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် မဟာမိတ်အချို့က ပြောသည်။ နိုဝင်ဘာ ရွေးကောက်ပွဲမတိုင်မီ အရေးကြီးသည့် နောက်ဆုံးရက်များ၌ အာဏာလုပွဲများနှင့် ကြိုတင်အပြစ်ပုံချမှုများ ပေါင်းစပ်နေသည့် အဆိပ်အတောက်ဖြစ်ဖွယ် အခြေအနေ ဖြစ်ပေါ်နေသည်။
ထရမ့်သည် ဂရိနိုင်ငံဆိုင်ရာ သံအမတ်ကြီး ကင်ဘာလီ ဂေးလ်ဖွိုင်လ် (Kimberly Guilfoyle) ကို ခရက်ဒစ်ကတ်ကြွေး ဒေါ်လာ ၁၀၀,၀၀၀ ဆက်ပေးရန် ရီပတ်ဘလစ်ကန် အလှူရှင်ထံ တောင်းဆိုခဲ့သည့် သတင်းပေါက်ကြားမှုအပါအဝင် သတင်းဆိုးများ ဆက်တိုက်ထွက်ပေါ်ပြီးနောက် ရာထူးမှ ထုတ်ပယ်ခဲ့သည်။ ထို့အပြင် ကနေဒီစင်တာအတွက် ရည်ရွယ်သည့် ဒေါ်လာသန်းပေါင်းများစွာ လွဲမှားစွာ သုံးစွဲခဲ့မှု စွပ်စွဲချက်နှင့် ပတ်သက်၍ အလီနာ ဟာဘာ မေးဒွန် (Alina Habba Mildon) နှင့် ရစ်ခ် ဂရဲန်နယ် (Ric Grenell) တို့ကြား အငြင်းပွားမှုကို စုံစမ်းစစ်ဆေးရန်လည်း အိမ်ဖြူတော် ဥပဒေအကြံပေးအား ထရမ့်က အမိန့်ပေးခဲ့သည်။
ထို့အပြင် ပြန်ကြားရေးအတွင်းဝန်သစ် ကေတီ ဇာခါရီယာ (Katie Zacharia) ကိုလည်း လုပ်ဆောင်ချက် မှားယွင်းမှုများကြောင့် ငါးရက်အကြာမှာပင် ရာထူးမှ ထုတ်ပယ်ခဲ့သည်။
အိမ်ဖြူတော် ဝန်ထမ်းအရာရှိချုပ် စူဇီ ဝိုင်းလ်စ် (Susie Wiles) ၊ ပြင်ပအကြံပေးများဖြစ်ကြသည့် ဂျိမ်းစ် ဘလဲယား (James Blair) နှင့် ခရစ် လာစီဗီတာ (Chris LaCivita) တို့သည်လည်း ၎င်းတို့၏ ရပ်တည်ချက်အပေါ် မေးခွန်းထုတ်စရာ ဖြစ်လာစေသည့် သတင်းရေးသားမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်မကောင်းပါက မည်သူ အပြစ်ခံရမည်နည်း၊ မည်သူ အထုတ်ခံရမည်နည်းဆိုသည်တို့နှင့် ပတ်သက်၍ ခန့်မှန်းချက်များ ရှိနေသည်။
အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဒေးဗစ် အင်းဂဲလ် (Davis Ingle) က အဆိုပါ သတင်းများကို "အခြေအမြစ်မရှိသည့် ခန့်မှန်းချက်များ" ဟု ပယ်ချခဲ့သည်။
သို့သော်လည်း ဇာခါရီယာအား ရာထူးကမ်းလှမ်းစဉ်က ဝိုင်းလ်စ် မရှိနေခဲ့သဖြင့် သူမ၏ အာဏာလျော့နည်းလာသည်ဟူသော ယူဆချက်ဖြင့် စိစစ်မှုများ မြင့်တက်လာခဲ့သည်။ လပေါင်းများစွာ ကင်ဆာရောဂါ ခံစားခဲ့ရခြင်းနှင့် နှစ်နှစ်ပြည့်ကာလ နီးကပ်လာခြင်းတို့ကြောင့် ဝိုင်းလ်စ် နှုတ်ထွက်နိုင်သည်ဟု သတင်းထွက်ခဲ့သော်လည်း၊ သူမဘက်မှ အရိပ်အမြွက်မပြခဲ့ဘဲ ထရမ့်ကလည်း သူမအား အပြည့်အဝ ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
ဒီမိုကရက်များ၏ စုံစမ်းစစ်ဆေးမှုများကို ရင်ဆိုင်ရနိုင်သည့် ကာကွယ်ရေးဝန်ကြီး ပီးတ် ဟက်ဂ်ဆက်သ် (Pete Hegseth) ကို ထရမ့်က အကြိမ်ကြိမ် ကာကွယ်ပြောဆိုခဲ့သည်။ အီရန်နှင့် စစ်ပွဲကြောင့် စီးပွားရေး ထိခိုက်မှုကို ကိုင်တွယ်နေရသည့် စွမ်းအင်ဝန်ကြီး ခရစ် ရိုက်တ် (Chris Wright) မှာလည်း ထွက်ခွာရန် စဉ်းစားနိုင်သည်ဟု ခန့်မှန်းကြသော်လည်း သက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူများက အဆိုပါ သတင်းများကို ငြင်းဆိုထားသည်။
အမျိုးသားကျန်းမာရေးဌာန (NIH) အကြီးအကဲ ဂျေး ဘတ်တာချာရီယာ (Jay Bhattacharya) သည် အိမ်ဖြူတော် ဘတ်ဂျက်အကြီးအကဲ ရပ်စ် ဗို့သ် (Russ Vought) နှင့် လူသိရှင်ကြား ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက် ရာထူးမှ ထုတ်ပယ်ခံရနိုင်ခြေ ရှိနေသည်။
ပုံမှန်အားဖြင့် ကြားဖြတ်ရွေးကောက်ပွဲများအပြီးတွင် ဝန်ထမ်းအပြောင်းအလဲများ ရှိလေ့ရှိသော်လည်း အာဏာကို ထရမ့်နှင့် နီးစပ်မှုအပေါ်၌သာ အဓိက တိုင်းတာသည့် ယခု အစိုးရအဖွဲ့အတွင်း၌မူ လစ်လပ်နေရာများသည် အာဏာချိန်ခွင်လျှာနှင့် မူဝါဒများကို သိသိသာသာ ပြောင်းလဲသွားစေနိုင်သည်။
ထရမ့်က ဝန်ထမ်းအပြောင်းအလဲလုပ်ရန် အရိပ်အမြွက် မပြသေးဘဲ မဲဆွယ်ခရီးစဉ်များအပေါ် အပြုသဘောဆောင် မျှော်လင့်နေသည်။ သို့သော် အကြံပေးများကမူ အောက်လွှတ်တော် အများစုနေရာ ဆုံးရှုံးနိုင်ခြေမြင့်မားပြီး အထက်လွှတ်တော်ကို ထိန်းသိမ်းရန်လည်း ခက်ခဲနေကြောင်း စိုးရိမ်နေကြသည်။ ထရမ့်ကိုယ်တိုင်လည်း သီးသန့်စကားပြောဆိုမှုများတွင် နိုင်ငံရေးအခြေအနေ ဆိုးရွားနေမှုအပေါ် မကျေမနပ် မေးခွန်းထုတ်ခဲ့သည်။
နိုဝင်ဘာ ၃ ရက်တွင် ရီပတ်ဘလစ်ကန်များ အကြီးအကျယ် ရှုံးနိမ့်ခဲ့ပါက ထရမ့်သည် သူမှလွဲ၍ တဦးဦးအား အပြစ်ပုံချမည်မှာ သေချာနေသည်။
ကိုးကား။ ။ CNN သတင်း Fears of a post-midterms Trump rampage spur ‘brutal’ internal jockeying
ပုံစာ - အိမ်ဖြူတော် ခရစ်ယာန်များအသင်းက ထရမ့်အတွက် ဝိုင်းဆုတောင်းပေးကြစဉ်
32
11
11October 21, 2026 3.2K 5