စစ်ကိုင်း အပူချိန် ၂ ရက်ဆက် စံချိန်သစ်တင်
ဧရာဝတီ၊ စက်တင်ဘာ ၂၉၊ ၂၀၂၆
စစ်ကိုင်းမြို့ မိုးလေဝသတိုင်းတာရေးစခန်း အချက်အလက်များအရ စက်တင်ဘာလအပူချိန်အနေဖြင့် နှစ်ရက်ဆက်တိုက် စံချိန်သစ်တင်ခဲ့ပြီး လားရှိုးမြို့နှင့် ဧလာတို့လည်း အပူချိန်စံချိန်သစ်များတင်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
စစ်ကိုင်းတွင် စက်တင်ဘာလအမြင့်ဆုံးအပူချိန်အဖြစ်၂၀၂၀ ပြည့်နှစ်က စံချိန်တင်ထားသည့် ၃၈ ဒသမ ၈ ဒီဂရီဆဲလ်စီးယပ် (၁၀၁ ဒသမ ၈ ဒီဂရီဖာရင်ဟိုက်) အား ကျော်လွန်ကာ စက်တင်ဘာ ၂၇ ရက်က ၃၈ ဒသမ ၉ ဒီဂရီဆဲလ်စီးယပ် (၁၀၂ ဒီဂရီဖာရင်ဟိုက်) အထိ ရောက်ရှိခဲ့ပြီး စက်တင် ဘာ ၂၈ ရက်တွင် ၃၉ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ် (၁၀၃ ဒသမ ၁ ဒီဂရီဖာရင်ဟိုက်) ဖြင့် နှစ်ရက်ဆက် စံချိန်သစ်တင်ခဲ့ခြင်း ဖြစ်သည်။
လားရှိုးတွင် ၂၀၀၆ ခုနှစ် စက်တင်ဘာလ အပူချိန်စံချိန်ဟောင်းဖြစ်သော ၃၅ ဒသမ ၆ ဒီဂရီဆဲလ်စီးယပ် (၉၆ ဒသမ ၁ ဒီဂရီဖာရင်ဟိုက်) အား ကျော်ဖြတ်ကာ စက်တင်ဘာ ၂၇ ရက်က ၃၅ ဒသမ ၈ ဒီဂရီဆဲလ်စီးယပ် (၉၆ ဒသမ ၄ ဒီဂရီဖာရင်ဟိုက်) ဖြင့် စံချိန်သစ်တင်ခဲ့ခြင်း ဖြစ်သည်။
နေပြည်တော် ဧလာ မိုးလေဝသစခန်းသည်လည်း ၂၀၁၈ ခုနှစ် စက်တင်ဘာလအပူချိန် စံချိန်ဟောင်း ၃၆ ဒသမ ၀ ဒီဂရီဆဲလ်စီးယပ် (၉၆ ဒသမ ၈ ဒီဂရီဖာရင်ဟိုက်) အား ကျော်ဖြတ်ကာ စက်တင်ဘာ ၂၇ ရက်က ၃၆ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ် (၉၇ ဒသမ ၇ ဒီဂရီဖာရင်ဟိုက်) ဖြင့် အပူချိန် စံချိန်သစ်တင်ခဲ့ခြင်း ဖြစ်သည်။
ယခုနှစ်ကုန်ပိုင်းနှင့်၂၀၂၇ နှစ်ဆန်းပိုင်းတို့တွင် အယ်လ်နီညိုရာသီဥတုဖြစ်စဉ် အလွန်အားကောင်းနိုင်ပြီး ကမ္ဘာတဝန်း အပူလှိုင်းဒဏ်နှင့် ရာသီဥတုဖောက်ပြန်မှုများ ပြင်းထန်လာနိုင်သည့်အတွက် ကမ္ဘာလုံးဆိုင်ရာ သတိပေးချက်အဖြစ် မိုးလေဝသဌာနများက သတိပေး ထုတ်ပြန်ထားကြသည်။
မြန်မာနိုင်ငံအတွင်း ရာသီဥတုဖောက်ပြန်ကာ သဘာဝဘေးအန္တရာယ်များကို ကြုံတွေ့ခံစားနေရပြီး လက်ရှိ၌ တနင်္သာရီတိုင်းအတွင်း ရေဘေးအန္တရာယ်ပြင်းထန်စွာ ဖြစ်ပေါ်လျက်ရှိသည်။
တနင်္သာရီတိုင်း ထားဝယ်ခရိုင်တွင်၂ ရက်ဆက်တိုက် မိုးရေချိန် စံချိန်သစ်တင်ခဲ့သည်။ ၁၉၉၈ ခုနှစ်က နောက်ဆုံး စံချိန်တင်ထားသည့် မိုးရေချိန်မှာ ၉ ဒသမ ၆၈ လက်မ (၂၄၆ မီလီမီတာ) ရှိပြီး စက်တင်ဘာ၂၇ ရက်က ရွာသွန်းသည့် မိုးရေချိန်မှာ ၁၁ ဒသမ ၀၂ လက်မ (၂၈၀ မီလီမီတာ) အထိ တက်သွားသလို စက်တင်ဘာ၂၈ ရက် မိုးရေချိန်သည်လည်း ၁၃ ဒသမ ၆၂ လက်မ (၃၄၆ မီလီမီတာ) အထိ ရှိခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup
29
8
6
4
1September 29, 2026 4.3K 5