တရုတ် Geely ကား ကုမ္ပဏီက EV ဘက်ထရီ အားသွင်းမှု မြန်နှုန်းမြင့်စနစ်… — The Irrawaddy - Burmese — TG.ME

တရုတ် Geely ကား ကုမ္ပဏီက EV ဘက်ထရီ အားသွင်းမှု မြန်နှုန်းမြင့်စနစ် ထုတ်ပြ

ဧရာဝတီ၊ စက်တင်ဘာ ၂၆၊ ၂၀၂၆

တရုတ် ကား ကုမ္ပဏီ Geely က EV ဘက်ထရီ အားသွင်းမှု မြန်နှုန်းမြင့် စနစ်ကို ပြီးခဲတဲ့ ဗုဒ္ဓဟူးနေ့က ထုတ်ဖော် ပြသခဲ့ရာ EV ကား နယ်ပယ်မှာ အမြန်ဆုံးနှုန်း ဖြစ်ကြောင်း သိရပါတယ်။

ပြိုင်ဘက် BYD ကုမ္ပဏီရဲ့ စိန်ခေါ်မှုကို တုံ့ပြန်တဲ့ အနေနဲ့ ပြသခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

Geely က လျှပ်စစ် မော်တော်ယာဉ်သုံး မျိုးဆက်သစ် ဘက်ထရီနဲ့ အဆင့်မြှင့်တင်ထားတဲ့ Galaxy E5 pure-electric SUV ကားကိုလည်း ရောင်းအား မြင့်တက်စေဖို့ ရည်ရွယ်ပြီး မိတ်ဆက်ခဲ့ပါသေးတယ်။

2.2 megawatt အားသွင်း ပစ္စည်းတွေနဲ့ မြန်နှုန်းမြင့် ဘက်ထရီ ပါဝင်တဲ့ စနစ်သစ်ဟာ ကားတစီးကို ၁၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းအထိ အားသွင်းဖို့ ၄ မိနစ်ခွဲပဲ ကြာမယ်လို့ Geely က ပြောပါတယ်။

၁၀ ရာခိုင်နှုန်းကနေ ၉၇ ရာခိုင်နှုန်း အထိကို ၈ မိနစ် စက္ကန့် ၄၀ နဲ့ ပုံမှန် အပူချိန်အတွင်း အားသွင်းနိုင်မယ် လို့လည်း သိရပါတယ်။

Geely ရဲ့ အမှုဆောင်အရာရှိ Zhang Dewang ကတော့“လက်ရှိ အားသွင်း အမြန်နှုန်းတွေက ရူပဗေဒဆိုင်ရာ အကန့်အသတ် နားကို နီးကပ်လာနေပြီ ဖြစ်ပြီး အနာဂတ်မှာ ပိုမြန်အောင် ကြိုးစားမှုတွေရဲ့ တိုးတက်မှု ရလဒ်က သေးငယ်လာတော့မယ်” လို့ မိတ်ဆက်ပွဲမှာ ပြောပါတယ်။

မြင့်မားတဲ့ Power ကြောင့် တည်ငြိမ်မှုနဲ့ လုံခြုံရေး စိတ်ချရအောင် Cloud ပေါ်မှာရော ကားရဲ့ စနစ်တွေထဲမှာပါ AI ထည့်သွင်း ပေးထားတယ် လို့လည်း သိရပါတယ်။

Cloud နဲ့ ကားထဲမှာပါတဲ့ စနစ်တွေ ချိတ်ဆက်ပြီး ဘက်ထရီ အခြေအနေ၊ အပူထိန်းချုပ်မှုနဲ့ တခြား ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို အကဲဖြတ် သုံးသပ်သွားမယ်လို့ ဆိုပါတယ်။

ဒီနှစ် အစောပိုင်းမှာ BYD ကလည်း ၉ မိနစ်အတွင်း ၁၀ ရာခိုင်နှုန်းကနေ ၉၇ ရာခိုင်နှုန်းအထိ အားသွင်းနိုင်တဲ့ မျိုးဆက်သစ် အားသွင်းစနစ် တခုကို မိတ်ဆက်ထားခဲ့ပြီး ၂၀၂၈ ခုနှစ်မတိုင်မီ Charging stations ပေါင်း ၉၀,၀၀၀ အထိ ဆောက်လုပ် သွားဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။

တရုတ်မှာ ဩဂုတ်လ အထိ ၁၁ လ ဆက်တိုက် EV ကား ရောင်းအား ကျဆင်းခဲ့ပါတယ်။

တရုတ် EV ကား ဈေးကွက်ဟာ ဝယ်သူတွေကို ဆွဲဆောင်ဖို့ ဉာဏ်ရည်မြင့် မောင်းနှင်မှု စနစ်၊ အကွာအဝေး၊ မြန်ဆန်တဲ့ အားသွင်း စနစ်တွေ အပေါ် ကုမ္ပဏီတွေရဲ့ ပြိုင်ဆိုင်မှုနဲ့ အတူ နည်းပညာ ပြိုင်ဆိုင်မှုဆီ ပြောင်းလဲလာနေတယ် လို့လည်း ဆိုပါတယ်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/09/26/416578.html

Ref : Reuters, WSJ
ဧရာဝတီ
တရုတ် Geely ကား ကုမ္ပဏီက EV ဘက်ထရီ အားသွင်းမှု မြန်နှုန်းမြင့်စနစ် ထုတ်ပြ
2.2 megawatt အားသွင်း ပစ္စည်းတွေနဲ့ မြန်နှုန်းမြင့် ဘက်ထရီ ပါဝင်တဲ့ စနစ်သစ်ဟာ ကားတစီးကို ၁၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းအထိ အားသွင်းဖို့ ၄ မိနစ်ခွဲပဲ ကြာမယ်…
😁30❤8👎3
September 26, 2026 2.6K 4