ထီးချိုင့်- အင်းတော်လမ်းပိုင်း ထိန်းနိုင်ရေး ဆက်တိုက် ဗုံးကြဲနေ… — The Irrawaddy - Burmese — TG.ME

ထီးချိုင့်- အင်းတော်လမ်းပိုင်း ထိန်းနိုင်ရေး ဆက်တိုက် ဗုံးကြဲနေ

ဧရာဝတီ၊ စက်တင်ဘာ ၂၅၊ ၂၀၂၆

တပ်မ ၃၃ မှ အင်အား ၃၀၀ကျော်ပါ နည်းဗျူဟာတခုဖြင့် ထီးချိုင့်- အင်းတော်လမ်း ပြန်ပွင့်ရေးကြိုးစားနေရာ စက်တင်ဘာ ၂၃ရက်က ထိုလမ်းပိုင်းရှိ နောင်မိုး၊ စက်တောကုန်းရွာများကို ဗုံးအလုံး ၂၀နီးပါးကြဲခဲ့သည်။

ထို တပ်မသည် ကချင်ပြည်နယ် ရွှေကူမြို့မှ စစ်ကိုင်းတိုင်း ထီးချိုင့်သို့ ကား ၃၇စင်းပါ ယာဉ်တန်းနှင့် ဝင်လာခြင်းဖြစ်ပြီး KIA နှင့် တော်လှန်ရေးအင်အားစုများ ထိန်းထားသည့် ထီးချိုင့်-အင်းတော်လမ်းပိုင်း ပြန်ရရန် ရည်ရွယ်သည်။

ဗုံးကြဲခံရသည့် ရွာများက မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပေါ်ရှိ အင်းတော်မြို့နယ်တွင်းမှဖြစ်ပြီး စက်သုံးဆီခြံနှင့် ဆီတင် ယာဉ်တစီး မီးလောင်ကာ ယာဉ်မောင်းနှင့် ခရီးသွားများ ဒေသခံများ ထိခိုက်သေဆုံးခဲ့သည်။ အလားတူ စက်တင် ၂၃ ရက် ညပိုင်း၌ ကသာမြို့နယ် ညောင်ခြေထောက်၊ နောင်ပိန်ရွာများကို ဗုံးကြဲပြန်ရာ သီလရှင်တပါးနှင့် အမျိုးသမီးတဦး သေဆုံး ကာ အရပ်သား ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ထိုရွာများမှာ အရပ်သားများ ကုန်ကူးသန်းရောင်းဝယ်ရာနေရာများဖြစ်ပြီး မိုးကြီးလမ်းပျက်၍ ကုန်တင်ကားများလည်း ပိတ်မိနေချိန် ဗုံးကြဲခံရသဖြင့် ၅ ဦးသေဆုံးပြီး ၈ဦး ပြင်းထန်ဒဏ်ရာများရကြောင်း အင်းတော် ပြည်သူ့ကာကွယ်ရေး အဖွဲ့က ထုတ်ပြန်သည်။

“အင်းတော်က မဲဇာ ၇ ရွာလို့ ဆိုကြတဲ့ ဆက်တောကွင်းလမ်းကို အဓိကထားပြီး တိုက်ခိုက်သွားတာ၊ သူတို့ ဦးတည်ချေမှုန်း တာ ကတော့ စက်သုံးဆီယာဉ်တန်းတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်သွားတဲ့အနေအထားမျိုးပဲ၊ လက်ရှိ ရှောင်ကွင်း လမ်းကနေ သွားနေရတာ၊ တော်လှန်ရေးတပ်တွေက ကုန်စည်စီးဆင်းမှု မပြတ်အောင် ရှောင်ကွင်းလမ်းတွေ ဖောက်နေရ တယ်၊ အဲဒီရှောင်ကွင်းလမ်းတွေကို တမင်ရည်ရွယ်ပြီး ဖျက်ဆီးတာမျိုးပေါ့”ဟု အင်းတော်မြို့နယ် မြေပြင်စစ်ရေးသတင်း ရင်းမြစ် တဦးက ပြောသည်။

လက်ရှိအခြေအနေက စစ်တပ်မှ ထိန်းထားသည်ဆိုသော တကောင်း- ထီးချိုင့်- ကသာ- အင်းတော်- မော်လူး- မိုးညှင်း လမ်းပိုင်းမှလည်း ပိတ်ဆို့ခံထားသလို ရွှေဘို- မြစ်ကြီးနားဗျူဟာလမ်းမှာလည်း သုံးမရသဖြင့် ကားများနှင့် ခရီးသွားများမှာ ရှောင်ကွင်းလမ်းများကိုသာ အားကိုးနေရသည်။

စစ်တပ် CDM ဗိုလ်ကြီးဇင်ယော်က“ထီးချိုင့်- ကသာ- အင်းတော်လမ်းပြန်စိုးမိုးဖို့ လေကြောင်းကနေ ကြိုတင်ချေမှုန်းတာ၊ ထီးချိုင့်မှာ တပ်မ ၃၃ ရဲ့ နည်းဗျူဟာတခု ရောက်လာတာဖြစ်တဲ့အတွက် ထီးချိုင့်-ကသာ-အင်းတော် ဒီနယ်မြေတွေမှာ မြေပြင်ထိတွေ့တိုက်ပွဲတွေ ရှိလာနိုင်သလို ပင်လည်ဘူးဘက်ကိုပါ တိုက်စစ်ဆင်လာမယ့်အရိပ်အခြေမျိုးတွေ တွေ့နေရ တယ်”ဟု ပြောသည်။

လက်ရှိအချိန်၌ ကသာမြို့ပေါ်မှ ကသာ- ထီးချိုင့်လမ်းဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသလို ထီးချိုင့်မြို့သို့ ရောက်နေသည့် စစ်ကြောင်းကလည်း မြို့နှင့် တမိုင်အကွာရှိ တည်တော၊ သခွပ်ချောင်ရွာများထိ ဖြန့်ကျက်ထားကာ ဒရုန်းများဖြင့် ကင်းထောက်ခြင်းများလည်း ပြုလုပ်နေသည်။

ပြီးခဲ့သည့် ဧပြီလက အင်းတော်မြို့ကို စစ်တပ်က တော်လှန်ရေးတပ်များလက်မှ ပြန်သိမ်းခဲ့သော်လည်း ဇွန်လကုန်ပိုင်းမှ စ၍ နဘားလမ်းဆုံအပါအဝင် အင်းတော်၊ မော်လူး၊ ကသာ၊ မဲဇာ၊ နန့်သဲရွာများကို တော်လှန်ရေးတပ်များက ပြန်လည်ထိုးစစ် ဆင်လာရာ တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသည်။

လက်ရှိ အင်းတော်မြို့တွင်း စစ်တပ်ကတပ်စွဲထားသလို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေသဖြင့် ဒေသခံများ သတိပြုရန် အသိပေးထားသည်။

Website တွင် ဖတ် https://burma.irrawaddy.com/news/2026/09/26/416574.html
ဧရာဝတီ
ထီးချိုင့် - အင်းတော်လမ်းပိုင်း ထိန်းနိုင်ရေး ဆက်တိုက် ဗုံးကြဲနေ
အင်းတော်က မဲဇာ ၇ ရွာလို့ ဆိုကြတဲ့ ဆက်တောကွင်းလမ်းကို အဓိကထားပြီး တိုက်ခိုက်သွားတာ၊ သူတို့ ဦးတည်ချေမှုန်း တာ ကတော့ စက်သုံးဆီယာဉ်တန်းတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်သွားတဲ့အနေအထားမျိုးပဲ၊ လက်ရှိ ရှောင်ကွင်း လမ်းကနေ သွားနေရတာ၊ တော်လှန်ရေးတပ်တွေက ကုန်စည်စီးဆင်းမှု…
❤3😭1
September 26, 2026 308 3