မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဘန်ကောက်မြို့ နေရာအများစု ရေမြုပ်… — The Irrawaddy - Burmese — TG.ME

မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဘန်ကောက်မြို့ နေရာအများစု ရေမြုပ်

ဧရာဝတီ၊ စက်တင်ဘာ ၂၆၊ ၂၀၂၆

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အရှေ့ပိုင်းဒေသများတွင် ရေကြီးရေလျှံမှု အလွန်ဆိုးရွားနေပြီး ဒေသတွင်း မြောင်း များအားလုံး ရေပြည့်လျှံနေသည့် အပြင် အဓိက လမ်းမကြီး ၁၅ လမ်းမှာလည်း ရေမြုပ်နေကြောင်း ထိုင်းသတင်းများ၌ ဖော်ပြသည်။

ဘန်ကောက်မြို့တော်ဝန်က "ဘန်ကောက်အရှေ့ပိုင်းမှာ မိုးအလွန်သည်းထန်စွာ ရွာခဲ့ပြီး နွန်ထာဘူရီနဲ့ ပထုံဋ္ဌာနီဘက်ကနေလည်း မိုးတွေ ထပ်လာနေပါတယ်။ အခြေအနေက ကောင်းမလာသေးပါဘူး။ လေဖိအားနည်းရပ်ဝန်းကြောင့် ဘန်ကောက်မှာ မိုးတိမ်တွေ ဝဲပြီး ရွာနေတာဖြစ်တယ်"ဟု ပြောသည်။

မိုးဆက်လက်ရွာသွန်းနိုင်သေးသောကြောင့် တန်ဖိုးရှိ ပစ္စည်းများနှင့် ယာဉ်များကို အမြင့် နေရာများသို့ ရွှေ့ပြောင်းထားကြရန်လည်း သတိပေးထားသည်။

ထို့ပြင် အလွန်အမင်း ရေမြုပ်နေသော အဓိက လမ်းမကြီး ၁၅ လမ်းဖြစ်သည့် Vibhavadhi Road၊ Din Daeng Road ၊ Phahon Yothin Road၊ Suwinthawong Road ၊ Srinagarindra Road ၊ Ratchadaphisek Road၊ Ngam Wong Wan Road ၊ Lat Krabang Road၊ Pattanakan Road ၊ Lat Phrao Road၊ On Nut Road ၊ Phetchaburi Road ၊ Chaeng Watthana Road ၊ Sukhumvit Road၊ Ram Intra Road တို့ကို ရှောင်ရှားကြရန် အသိပေးထားသည်။

ထိုင်းမိုးလေဝသဌာန၏ ခန့်မှန်းချက်အရ အရှေ့ဘက်မှ အလယ်ပိုင်းလွင်ပြင်ဒေသသို့ ရွေ့လျားလာသော အားကောင်းသည့် လေဖိအားနည်းရပ်ဝန်းကြောင့် ဘန်ကောက်မြို့တော်အပါအဝင် အလယ်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသတို့တွင် မနက်ဖြန်အထိ မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနိုင်ကြောင်း သတိပေးထားသည်။

ဓာတ်ပုံ-Khaosod , The Nation Thailand
👍23😱9😭2❤1👎1
September 26, 2026 3K 6