ဘန်ကောက်မှာ ပစ္စည်းတုထုတ် လျှို့ဝှက်ဂိုဒေါင် ဝင်စီး... နာမည်ကြီးအမှတ်တံဆိပ် စက်ဆီ/ချောဆီအတု၊ ရေမွှေးအတုနဲ့ လူသုံးကုန်ပစ္စည်းအတု ၃ သောင်းကျော် သိမ်းဆည်းရမိ
ယနေ့ ဇူလိုင် ၂၈ ရက် တွင် ထိုင်းစီးပွားရေးမှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့ဟာ ဉာဏမူပိုင်ခွင့်ဦးစီးဌာနနဲ့ နာမည်ကြီးကုန်အမှတ်တံဆိပ် ပိုင်ရှင်ကိုယ်စားလှယ်တွေ ပူးပေါင်းပြီး ဘန်ကောက်မြို့ မင်းဘူရီခရိုင်၊ ဘွန်းခွမ်လမ်းသွယ် ၁၂/၂ အတွင်းရှိ လျှို့ဝှက်ငှားရမ်းထားတဲ့ ဂိုဒေါင်တစ်ခုကို တရားရုံးရှာဖွေဝရမ်းနဲ့ ဝင်ရောက်စီးနင်းခဲ့ပါတယ်။
စစ်ဆေးရာမှာ အပြင်ဘက်တံခါးကို အမြဲပိတ်ထားတဲ့ ဂိုဒေါင်အတွင်း ထိုင်းအလုပ်သမားတွေက အွန်လိုင်းကနေ မှာယူထားတဲ့ ကုန်ပစ္စည်းတွေကို ပါဆယ်ထုပ်ပိုးနေကြတာကို တွေ့ရှိခဲ့ပြီး၊ စုစုပေါင်း ကုန်ပစ္စည်းအတု ၃၂,၄၇၇ ခုကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
သိမ်းဆည်းရမိသည့် အတုအယောင်ကုန်ပစ္စည်းများမှာ -
• မော်တော်ယာဉ်သုံး ရေမွှေးအတု (Phraphai Aroma နှင့် INZEN) – ၂၂,၀၀၀ ကျော်
• LANOS အမှတ်တံဆိပ် Moisturizer (Skincare) အတု – ၇,၀၀၀ ကျော်
• LLMITO Matcha လက်ဖက်စိမ်းမှုန့် – ၁,၂၆၀ ခု
• နာမည်ကြီးတံဆိပ် အင်ဂျင်ဝိုင်/စက်ဆီချောဆီအတု (LIQUI MOLY, BENZ, SHELL, CASTROL နှင့် NISSAN) – ၁,၆၀၀ ကျော်
• Nutrilite ပရိုတင်းမှုန့် – အချို့
ဒီအမှုဟာ LIQUI MOLY အင်ဂျင်ဝိုင်အမှတ်တံဆိပ် ကိုယ်စားလှယ်က အွန်လိုင်းပလက်ဖောင်းတွေမှာ အတုအယောင် အင်ဂျင်ဝိုင်တွေကို ပုံမှန်ထက် အလွန်သက်သာတဲ့ဈေးနှုန်းနဲ့ ရောင်းချနေတာကို တွေ့ရှိပြီး ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ရာကနေ စတင်စုံစမ်းခဲ့တာ ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ရဲ့ အဆိုအရ ဒီလိုအတုကုန်ပစ္စည်းတွေဟာ အမှတ်တံဆိပ်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေရုံသာမက သုံးစွဲသူတွေအတွက်လည်း အန္တရာယ်ဖြစ်စေနိုင်တာကြောင့် လျှို့ဝှက်ဂိုဒေါင်ကို ခြေရာခံဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဂိုဒေါင်မှာ အလုပ်လုပ်နေသူတွေရဲ့ ထွက်ဆိုချက်အရ တရုတ်နိုင်ငံသား မစ္စတာ ချူဖန် (ZHU FAN) ဟာ ဂိုဒေါင်ကို လွန်ခဲ့တဲ့ ၃ လခန့်က ငှားရမ်းထားပြီး၊ ထိုင်းအလုပ်သမားတွေကို တစ်ရက် ဘတ် ၅၀၀ နှုန်းနဲ့ ငှားရမ်းကာ ဖောက်သည်တွေ မှာယူတဲ့ အော်ဒါတွေအတိုင်း ကုန်ပစ္စည်းတွေကို ထုပ်ပိုးပို့ဆောင်ခိုင်းထားတယ်လို့ သိရပါတယ်။
ထွက်ဆိုချက်အရ ကုန်ပစ္စည်းအားလုံးကို တရုတ်နိုင်ငံကနေ တိုက်ရိုက်မှာယူပြီး၊ အင်ဂျင်ဝိုင်နဲ့ လူမှုကွန်ရက်ပေါ်မှာ လူကြိုက်များနေတဲ့ ကုန်ပစ္စည်းတွေကို အဓိကထား တင်သွင်းကာ ဈေးကွက်ပေါက်ဈေးထက် သက်သာတဲ့ဈေးနှုန်းနဲ့ ရောင်းချခဲ့တယ်လို့ ဆိုပါတယ်။
ကနဦးအနေနဲ့ ရဲတပ်ဖွဲ့က မစ္စတာ ချူဖန်ကို မှတ်ပုံတင်ထားပြီးသား အခြားသူရဲ့ ကုန်အမှတ်တံဆိပ်ကို အတုအယောင်အသုံးပြုထားတဲ့ ကုန်ပစ္စည်းတွေကို ရောင်းချရန် လက်ဝယ်ထားရှိမှု နဲ့ အမှုဖွင့်အရေးယူသွားမယ်လို့ သိရပါတယ်။
စီးပွားရေးမှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့က အွန်လိုင်းပေါ်မှာ ဈေးနှုန်းအလွန်သက်သာတဲ့ ကုန်ပစ္စည်းတွေကို ဝယ်ယူရာမှာ သတိထားကြဖို့ တိုက်တွန်းထားပါတယ်။
အထူးသဖြင့် အင်ဂျင်ဝိုင်အတုတွေဟာ စက်မှုလုပ်ငန်းစံနှုန်းနဲ့ မကိုက်ညီတာကြောင့် ယာဉ်အင်ဂျင် ပျက်စီးနိုင်သလို ယာဉ်မတော်တဆမှုတွေ ဖြစ်ပွားပြီး အသက်အန္တရာယ်နဲ့ ပစ္စည်းဆုံးရှုံးမှုတွေထိ ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လူသုံးကုန်ပစ္စည်းနဲ့ အသားအရေထိန်းသိမ်းရေး ထုတ်ကုန်အတုတွေမှာလည်း စံမမီတဲ့ နေရာတွေက ထုတ်လုပ်ထားတဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေနိုင်တာကြောင့် ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့ ရဲတပ်ဖွဲ့က သတိပေးထားပါတယ်။
#ChiangMaiDaily
#ချင်းမိုင်နေ့စဉ်
#ထိုင်းသတင်း
#ဘန်ကောက်သတင်း
#မှုခင်းသတင်း