YBS ယာဥ်တွေစီးခကို ကားပစ္စည်းတွေစျေးကြီးလို့ ၅၀ ရာခိုင်နှုန်းခုန်တက်ပြီး စက်တင်ဘာ ၁ ရက်ကစ ၆၀၀ တိုးကောက်မယ်လို့ YRTC က ကြေညာတယ်။
ကြေညာတဲ့အခါမှာ ပြောတာကလည်း YBS ယာဥ်စီးခတိုးဖို့ပြောတာ အစိုးရရှယ်ယာပါတဲ့ ကုမ္ပဏီနှစ်ခုက တောင်းဆိုလို့တဲ့။
အိုကေ။ ဟုတ်ပြီ။ ဒါဆို မြေပြင်အခြေအနေ တွက်ကြည့်ကြရအောင်။
၂၀၂၁ တုန်းက YBS ယာဥ်စီးခက ၂၀၀၊ ၂၀၂၂ ထဲမှာ ၃၀၀ တိုးကောက်ပြီး ပြီးခဲ့တဲ့ ၂၀၂၄ ဇန်နဝါရီ ဒေါ်လာစျေးတွေ တက်နေတုန်းကတစ်ခါတိုးကောက်လို့ ၄၀၀ ပေးရတယ်။ ၄၀၀ တိုးကောက်တော့ အကြွေမရှိလို့၊ ကတ်က ပျက်နေလို့ဆိုပြီး ၅၀၀ ပေးစီးရတယ်။ အခု တစ်ခါ ၅၀ ရာခိုင်နှုန်းခုန်တက်ပြီး ၆၀၀ ပေးရမယ်ဆိုတော့ တစ်ကြောင်းပဲစီးရသူတွေက တစ်နေ့နှစ်ခေါက်နဲ့ ၃၆၀၀၀ ပေမဲ့ နှစ်ကြောင်းစီးရသူတွေက ၇၂၀၀၀ ပဲ။ ဒါတောင် ကြားကားစီးရသူတွေဆို ၇၂၀၀၀ မကာမိဘူး။ လစာ ၂ သိန်းကျော်ပဲရတဲ့ အစိုးရဝန်ထမ်းတွေ၊ အခြေခံလူတန်းစားတွေက လစာရဲ့ ၂၅ ရာခိုင်နှုန်းအထက်ကို ကားခသုံးရမယ်ဆို သေချာပေါက် ငတ်သေမှာပဲ။
ဒီနေရာမှာ ကားပစ္စည်းတွေစျေးကြီးလို့ စျေးတက်တယ်ဆိုတာကို နားလည်ပေမဲ့ ရန်ကုန်က YBS တွေက ကားသစ်တွေနဲ့ စနစ်တကျဆွဲနေတာလည်းမဟုတ်။ ကားအစီးရေ ၃၃၀၀ လောက်နဲ့ ဆွဲနေတာကို ဒီအစီးရေ ၃၃၀၀ က လူ ၁ ဒသမ ၈ သန်းကျော် နေ့စဥ်စီးပြီး အခုနှုန်း အသွားအပြန် ၈၀၀ နဲ့ဆို တစ်ရက် ၁ ဒသမ ၄၄ ဘီလျံ၊ အသွားအပြန် ၁၀၀၀ နဲ့ဆို ၁ ဒသမ ၈ ဘီလျံ၊ အသွားအပြန် ၁၂၀၀ နဲ့ဆို ၂ ဒသမ ၁၆ ဘီလျံ ရမယ်ဆိုတော့ ကားတစ်စီးကို လူတစ်ယောက်တစ်ရက် ၈၀၀ နဲ့ဆို ၄၃၆၃၆၃ ကျပ်ရနေတဲ့သဘော။
ဒီနေရာမှာ အစိုးရရှယ်ယာယာဥ်တွေမဟုတ်ဘဲ ပြင်ပ YBS Owner တွေဆီက ငှားမောင်းနေတဲ့ စျေးကွက်နဲ့ ချိန်ထိုးမယ်ဆို ကားမရှိတဲ့ ဒရိုင်ဘာက Owner ဆီကနေ ကားတစ်စီးကို တစ်ရက် ၈၀၀၀၀ နဲ့ အငှားယူရတယ်။ အုံနာကြေး တစ်လ ၂၄ သိန်းဆိုပေမဲ့ ပုံမှန်မောင်းနေရတဲ့ YBS တစ်စီးက တစ်လ သိန်း ၁၃၀ လောက် ပျမ်းမျှရှာနိုင်တယ်။ CNG ကလည်း အစိုးရစိုက်ထုတ်ပေးလို့ အဲဒီလောက်မကုန်ဘူး။ တစ်ခါ YBS 75 လို ကားသေးတွေ ဆီကားတွေ။ အဲဒီကားပိုင်ရှင်နဲ့ Owner တွေတောင် မကိုက်ဘူးလို့ အသံမထွက်ချိန်မှာ အစိုးရရှယ်ယာပါတဲ့ ကုမ္ပဏီနှစ်ခုက ဘာလို့ မကိုက်ဘူးလို့ အသံထွက်လာရသလဲ။
CNG နဲ့ မောင်းရတဲ့ကားတွေ တစ်ရက် ဂက်စ်ဖိုး ၁၅၀၀၀ လောက်ပဲကုန်နေချိန်မှာ ပုဂ္ဂလိက ဆီကားတွေက CNG ကားထက် လေးငါးဆအကုန်ခံ ဆွဲနေတာတောင် သူတို့ တွက်ချေကိုက်နေဆဲပါ။
အခု တစ်ခါစီး ၆၀၀ နဲ့ တစ်ယောက် အသွားအပြန် ၁၂၀၀ အဖြစ် တိုးမယ်ဆို ကားတစ်စီးက တစ်ရက် ၆၅၄၅၄၅ ရမယ်။ တစ်လ ၁၉၆ သိန်းကျော် ဝင်မယ်။
ပုဂ္ဂလိက တစ်ဦးတစ်ယောက်ချင်းပါတဲ့ အများပိုင်ကားကုမ္ပဏီတွေက၊ လူတစ်ဦးချင်းအငှားမောင်းရတဲ့ ကုမ္ပဏီတွေက မညည်းလာဘဲ အစိုးရရှယ်ယာပါတဲ့ ကုမ္ပဏီတွေက ကားပစ္စည်း စျေးကြီးတာ အကြောင်းပြပြီး စျေးတက်ချင်တယ်ဆိုတော့ အစစအရာရာအဆင်မပြေတဲ့ ပြည်သူကို နူရာဝဲစွဲမလုပ်ခင် စျေးမတက်ခင်လေးများ ငါတို့ဘယ်နားမှာ မှားနေလဲ တာဝန်ရှိသူများ မစိစစ်ချင်ကြဘူးလား ခင်ဗျ။
ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ ဟာသလိုပဲ။ အလုပ်သမားတစ်ယောက်ပဲရှိတုန်းက အလုပ်တွေတအားပြီးလို့ စူပါဗိုက်ဇာတွေ၊ မန်နေဂျာတွေ၊ အတွင်းရေးမှူးတွေ၊ ဥက္ကဋ္ဌတွေ၊ BOD တွေခန့်လိုက်တော့မှ အလုပ်ပြီးမြောက်မှုနဲ့ တွက်ချေမကိုက်လို့ တစ်ဦးတည်းသော အလုပ်သမားထုတ်လိုက်ရသလို YBS တွက်ချေကိုက်တယ်ဆိုပြီး အစိုးရဝင်ပါပြီး ကုမ္ပဏီထောင်လိုက်မှ ပြည်သူက ပိုဒဏ်ခံလာနေရတာကတော့....
https://www.mtnewstoday.com/?p=143915
247
41
23
1August 15, 2026 5.9K 18 17