မောင်ဆူးလှည်း: post #4192 — TG.ME

မောင်ဆူးလှည်းPhoto
ရှေ့ရက်က ထမင်းသွားစားပြီး ရုံးပြန်တော့ လမ်းမလျှောက်ချင်တာနဲ့ ဆိုက်ကားခေါ်လိုက်တော့ အဘိုးကြီးတစ်ယောက် လာနင်းပေးတယ်။ ဦးတင်ထွန်းတဲ့။ အဝေးကကြည့်တုန်းက ၆၀ လောက်ပဲ ထင်တာ။ ဆိုက်ကားနင်းတော့မှ မေးကြည့်မှ ၇၂ နှစ်တဲ့။

အဲဒါ ကျွန်တော်က စျေးဦးပေါက်တဲ့။ ထမင်းစားနောက်ကျတဲ့ကျွန်တော် စားပြီးချိန်က ၂ နာရီဖြစ်နေပြီ။ သူ စျေးဦးမပေါက်သေးဘူးတဲ့။

သူကဆက်ပြောတယ်။ အသက်ကြီးလာတဲ့သူကို နင်းခိုင်းရမှာ အားနာလို့ဆိုပြီး ဆိုက်ကားမစီးကြတာတဲ့။ ဆိုက်ကားမစီးကြရင် အဘတို့ ဘယ်လိုထမင်းစားရမလဲတဲ့။

ဟုတ်တာပေါ့။ သူလည်း သူ့ခံစားချက်လေးကိုး။ ဆက်ပြောတယ်။ သူ့ဇနီးက ကျန်းမာရေးမကောင်းဘူးတဲ့ သားသမီးသုံးယောက်၊ မြေးလေးယောက်ရှိတယ်။ သူတို့လည်း အဆင်မပြေဘူးတဲ့။ ဆိုက်ကားအုံနာခက ၃၀၀၀ တဲ့။ အရင်က တစ်ရက် ၂၀၀၀၀၊ ၃၀၀၀၀ ရတာ။ အခုဆို ၁၀၀၀၀ ရဖို့ကို တစ်နေကုန်နေတာတဲ့။ အဘတော်တော် အသက်ကြီးနေပြီ နင်းနိုင်သေးတာပဲဆိုတော့ သူကအရက်မသောက်၊ ကွမ်းမစား၊ ဆေးလိပ်မသောက်ဘူးတဲ့။ အဲဒါကြောင့် သန်တာတဲ့။

ဆိုက်ကားပေါ်ကဆင်းတော့ မုန့်ဖိုး ၂၀၀၀၀ ပေးလိုက်ပါတယ်။ အိမ်စောစောပြန်နားလို့ရအောင်လို့ပြောတော့ သာဓုခေါ်လို့။

ဘာရယ်မဟုတ်ပါဘူး။ ကိုအာပူတူးတင်ထားတဲ့ ဆိုက်ကားနင်းရင်း အာဟာရပြတ်သေသွားတဲ့ပုံလေးမြင်မိလို့ ကျွန်တော် မုန့်ဖိုးပေးခဲ့တဲ့ အဘဖြစ်စဥ်နဲ့ ယှဥ်မိသွားတာ။ ကျွန်တော်လည်း အရင်က အဲဒီလိုပဲ။ ဆိုက်ကားစီးရင် အသက်ကြီးသူကို အားနာလို့ မစီးဘူး။ အားနာလို့ မစီးတော့ သူတို့ငွေမရဘူး။ ငွေမရတော့ အခုလိုမျိုးအဖြစ်တွေ ကြုံတာပေါ့။ ကျွန်တော့်လို ကျတာထက် နှစ်ဆသုံးဆ ပေးစီးတတ်သူတွေက ငယ်သူရွေးစီးတော့ အသက်ကြီးသူတွေက ပိုနစ်နာတယ်လေ။ အဲဒီကတည်းက ကျွန်တော် ဆိုက်ကားစီးရင် အသက်ကြီးသူတွေ ရွေးစီးတယ်။ လှူသင့်တာလှူ၊ ပေးသင့်တာပေးလုပ်တယ်။

သူတို့အဖို့လည်း အသက်ကြီးလို့ စီးမဲ့သူမရှိဖြစ်ပြီး စိတ်တွေကျ၊ ငွေမရလို့ အာဟာရပြတ်သွားတာထက် စီးရင်း ကုသိုလ်ပြုတာက သူတို့လည်း ကျန်းမာ၊ ကိုယ်လည်းကုသိုလ်ရပဲကိုး။

Photo - Arr Puu Tuu
1❤286👍93🥰3🙏2