ဦးသောင်းနှင့် သူ၏ ဒုဝန်ကြီး ဦးကျော်စိုးတို့၏ စရိုက်မှာ အလွန် ထူးဆန်းလှသည်။ စီမံကိန်းများသို့ စစ်ဆေးရေး ကြည့်ရှုရန် လာရောက်သည့်အခါမျိုးတွင် မည်သည့် စားသောက်ဖွယ်ရာမျှ ပြင်ဆင်မထားခိုင်းပေ။ ဧည့်ခံရန်အတွက် ရေနွေးကြမ်းနှင့် ရေသန့်ဘူးမှအပ မည်သည့် မုန့်ပဲသရေစာမျှ စာပွဲပေါ် မတင်ရပေ။ စီမံကိန်း စစ်ဆေးပြီးချိန်တွင် စားသောက်ရန်အတွက် မိမိတို့အိမ်မှ ပါလာသော ဂျိုင့်များဖြင့် ဟင်းများကို သူတို့ကားပေါ်တွင်သာ စားသောက်သွားကြသူများ ဖြစ်သည်။ ထိုသို့ မြို့နယ်အသီးသီးမှ တက္ကသိုလ် စီမံကိန်းကြီးများကို မောင်ဖိုးတွတ်တို့အား ပေးအပ်ခဲ့သော်လည်း မည်သည့် အပေးအယူ၊ မည်သည့် ကော်မရှင်မျှ တောင်းခံခြင်း လုံးဝ မရှိခဲ့ပေ။
တစ်ခါက ဝန်ကြီး ဦးသောင်းက သူ၏ ဂေါက်ဒုတ် Driver တစ်ချောင်းကို ပြန်လည် ရောင်းချသည့်အခါ မောင်ဖိုးတွတ်က ငွေကျပ် ၅ သိန်း ပေးချေ၍ ဝယ်ယူခဲ့သည်။ နောက်ပိုင်းတွင် ထိုဂေါက်ဒုတ်ကို ပြန်လည် ရောင်းချလိုက်သည့်အခါ ၅ သိန်းခွဲ ရရှိခဲ့သည်။ နောက်တစ်ကြိမ်တွင်မူ ချောင်းသာရှိ သူ၏ အမည်ပေါက် မြေကွက် (၁၂၀' × ၈၀') ကို ရောင်းချရာ မောင်ဖိုးတွတ်က သိန်း ၅၀၀ ဖြင့် ဝယ်ယူခဲ့ပြီး၊ တစ်နှစ်အကြာပြန်လည် ရောင်းထုတ်သည့်အခါ သိန်း ၈၀၀ ရရှိခဲ့ဖူးသည်။ ယခုတော့ထိုမြေကွက်မှာ သိန်းသောင်းဂဏန်းပေါက်နေပြီဖြစ်သည်။
ခေတ်ကာလအလိုက် ထိုစဉ်က တာဝန်ယူခဲ့ကြသော လူကြီးများသည်လည်း သူတို့ ကျရာ ဇာတ်ကောင် နေရာများမှ ပါဝင်ကစားခဲ့ကြရသဖြင့် ပြင်ပတွင် သူတို့အပေါ် အမြင်အမျိုးမျိုး၊ ဝေဖန်မှု အမျိုးမျိုး ရှိကြပေလိမ့်မည်။ သို့သော် အင်ဂျင်နီယာ မောင်ဖိုးတွတ်အနေဖြင့်မူ စီမံကိန်း ခရီးစဉ်များအတွင်း သူတို့နှင့် ခဏတာ ထိတွေ့ဆက်ဆံခဲ့ရသည့် လက်တွေ့ အတွေ့အကြုံများနှင့် အမြင်များကို အမှန်အတိုင်း ပွင့်လင်းစွာ တင်ပြရခြင်း ဖြစ်သည်။
ယခုအခါ ခေတ်စနစ်များ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သလို ထိုစဉ်က တိုင်းပြည်၏ အရေးပါသော အခန်းကဏ္ဍများတွင် ပါဝင်လှုပ်ရှားခဲ့ကြသည့် ထိုလူကြီးများအားလုံး ယခုအချိန်တွင် ဘာတွေလုပ်ရင်း မည်သို့သော ဘဝများကို ဖြတ်သန်းနေကြမလဲ၊ လက်ရှိနိုင်ငံရေးအပေါ်မည်ကဲ့သို့တွေးနေကြမည်လဲ ဆိုသည်မှာ အလွန် စိတ်ဝင်စားဖွယ်ရာ မေးခွန်းတစ်ခုအဖြစ် ကျန်ရစ်နေပါတော့သည်။
source;kyaw kyaw soe
August 6, 2026 409